ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း၊ အားကစားရုံများအား ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကြည့်ရှုစစ်ဆေး

News Image

  • ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း၊ အားကစားရုံများအား ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကြည့်ရှုစစ်ဆေး

ရန်ကုန် ဖေဖော်ဝါရီ   ၂၄

     မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင်ပြန်လည် တည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်    အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ  ပွဲကြည့်စင်များ၊   အားကစားရုံများ၊ အစည်းအဝေးခန်းမနှင့် ရုံးခန်းများ၏ လက်ရှိအနေအထား၊ လျာထားသတ်မှတ် ထားသည့်အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် မိုးလုံလေလုံဘော်လီဘောအားကစားရုံ၌ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် မြန်မာဘော်လီဘော လူမှုရေးအသင်း အမှုဆောင်ဖလား၊ ရန်ကုန်တိုင်းဒေသကြီး အသက် ၂၅ နှစ်နှင့်အောက် ဘော်လီဘောပြိုင်ပွဲကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်သိမ်ဖြူအားကစားခန်းမ၌    မြန်မာနိုင်ငံကစ်ဘောင်ဆင်အဖွဲ့ချုပ်က နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေးနိုင်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အဆင့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ထူးချွန်သည့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး လိုအပ်သည့်လေ့ကျင့်ရေးရုံနှင့် ရုံးခန်းများတည်ဆောက်ရန်   တင်ပြတောင်းခံထားသည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဒိုင်လူကြီးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒလမြို့နယ်၌ မီတာ ၄၀၀ ပြေးလမ်းပါဘောလုံးကွင်းနှင့် ပေ ၁၂၀ ပေ ၉၀ ရှိသော အားကစားခန်းမကိုကြည့်ရှုစစ်ဆေးပြီး ဒလမြို့နယ်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊ ဘောလုံးကွင်းခြံစည်းရိုးနှင့်ဂိုးတိုင်၊ ဂိုးပိုက်များ ကောင်းမွန်သစ်လွင်နေစေရန်၊ ရေနုတ်‌မြောင်းများ ရေစီးရေလာကောင်းမွန်စေရန်၊ မီတာ ၄၀၀ Synthetic ပြေးလမ်းဆောင်ရွက်ရန်နှင့် အားကစားခန်းမ  ရေရှည်တည်တံ့ခိုင်မြဲစေရန်  မှာကြားခဲ့ကြောင်း သိရသည်။ MWD