လီဗာပူးအသင်း တိုက်စစ်ကစားသမား ဆာလက်ချ် ပရီးမီးယားလိဂ်ကိုးပွဲဆက် ဂိုးမသွင်းယူနိုင်သည့် မှတ်တမ်းဆိုးနှင့် ရင်ဆိုင်နေရ

News Image

  • လီဗာပူးအသင်း တိုက်စစ်ကစားသမား ဆာလက်ချ် ပရီးမီးယားလိဂ်ကိုးပွဲဆက် ဂိုးမသွင်းယူနိုင်သည့် မှတ်တမ်းဆိုးနှင့် ရင်ဆိုင်နေရ

လန်ဒန် ဖေဖော်ဝါရီ ၂၄

     လီဗာပူးအသင်းတိုက်စစ် ကစားသမား ဆာလက်ချ် သည်  နော်တင်ဟမ်အသင်းနှင့်  ကစားသည့်ပွဲစဉ် အပြီးတွင်    ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်  ကိုးပွဲဆက်ဂိုးမသွင်းယူ နိုင်သည့် မှတ်တမ်းဆိုးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဆာလက်ချ်သည် ၂၀၁၇ ခုနှစ်က ရိုးမားအသင်း မှ လီဗာပူးအသင်းသို့  ပြောင်းရွှေ့ကစားပြီးနောက် ဘောလုံးရာသီတိုင်းတွင်   အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့ကာ လီဗာပူးအသင်း ချန်ပီယံဆုဖလားများ ဆွတ်ခူးရာတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး တစ်ဦးချင်းဆုတံဆိပ်များစွာကိုလည်း ဆွတ်ခူးနိုင်သူဖြစ်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အကောင်းဆုံး တိုက်စစ်ကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

သို့သော် ဆာလက်ချ်သည် ယခုဘောလုံးရာသီ တွင် ခြေစွမ်းပိုင်းကျဆင်းနေပြီး သွင်းဂိုးများသွင်းယူ နိုင်ရန် ရုန်းကန်နေရကာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်က ကစားခဲ့သည့် အက်စ်တွန်ဗီလာအသင်းနှင့်ပွဲစဉ်တွင် ဂိုးသွင်းယူနိုင် ပြီးနောက် မန်စီးတီးအသင်းနှင့် ပထမအကျော့နှင့် ဒုတိယအကျော့နှစ်ပွဲ၊      နော်တင်ဟမ်အသင်းနှင့် ပထမအကျော့နှင့် ဒုတိယအကျော့နှစ်ပွဲ၊ ဆန်းဒါးလန်းအသင်းနှင့် ပထမအကျော့နှင့်ဒုတိယအကျော့နှစ်ပွဲ၊ ဘုန်းမောက်အသင်း၊  နယူးကာဆယ်အသင်း၊ နော်တင်ဟမ်အသင်းတို့နှင့် ကိုးပွဲဆက်ဂိုးသွင်းယူ နိုင်မှုမရှိခဲ့ခြင်းဖြစ်သည်။

ဆာလက်ချ်သည်  ယခုဘောလုံးရာသီတွင် ပထမ ဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကိုးပွဲဆက်ဂိုးမသွင်းယူနိုင်သည့် မှတ်တမ်းဆိုးနှင့်ရင်ဆိုင်နေရခြင်းဖြစ်သည်။

ဆာလက်ချ်အနေဖြင့်ယခုဘောလုံးရာသီတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည့်အတွက် လီဗာပူးအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင်  ရောင်းချရန်ဆုံးဖြတ် ထားပြီး ဆာလက်ချ်ကိုယ်တိုင်ကလည်း ဆော်ဒီ ပရိုလိဂ်ပြိုင်ပွဲမှ  ထိပ်တန်းအသင်းတစ်သင်းထံ ပြောင်းရွှေ့ကစားရန် ကြိုးပမ်းလျက်ရှိသည်။

ဆာလက်ချ်သည် လီဗာပူးအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၄၂၉ ပွဲအထိကစားခဲ့ပြီး ၂၅၂ ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။ 

MWD