ဂျပန်နှင့် ဒိန်းမတ်နိုင်ငံတို့တွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဟောင်ကောင်အစိုးရမှ အဆိုပါနိုင်ငံများမှ ကြက်ဘဲနှင့် ဥအမျိုးမျိုးတင်သွင်းမှုကို ပိတ်ပင်ကန့်သတ်
ဟောင်ကောင်အာဏာပိုင်များသည် ဂျပန်နှင့် ဒိန်းမတ်နိုင်ငံတို့၏ ဒေသအချို့တွင် ပြင်းထန်ကြက်ငှက်တုပ်ကွေးရောဂါပိုး (Highly Pathogenic Bird Flu) ကူးစက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါဒေသများမှ ကြက်ဘဲအသားနှင့် ထုတ်ကုန်များ တင်သွင်းမှုကို ပိတ်ပင်လိုက်သည်။ အစားအသောက်ဘေးကင်းလုံခြုံရေးဗဟိုဌာန (CFS) က ဒိန်းမတ်နိုင်ငံရှိ Holbaek မြူနီစပယ်ဒေသနှင့် ဂျပန်နိုင်ငံ၊ Iwate ခရိုင်တို့မှ ကြက်ဥ၊ ဘဲဥများအပါအဝင် ကြက်ဘဲထွက်ကုန်များ တင်သွင်းမှုကို တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၃) မှစ၍ ချက်ချင်းရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန် ခဲ့သည်။
အများပြည်သူကျန်းမာရေးကို ကာကွယ်ရန်အတွက် ကုန်သည်များ အနေဖြင့် တင်သွင်းမှုများကို ရပ်ဆိုင်းထားရန် ညွှန်ကြားထားကြောင်းလည်း ဖော်ပြပါရှိသည်။ ယခုကဲ့သို့ ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိတ်ပင်ရခြင်းမှာ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) နှင့် ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနတို့က ပြင်းထန် H5N1 နှင့် H5 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်များ ကူးစက်ပျံ့နှံ့နေကြောင်း အတည်ပြု အကြောင်းကြားလာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာန၏ အချက်အလက်များအရ ဟောင်ကောင်သည် ပြီးခဲ့သည့်နှစ်အတွင်း ဂျပန်နိုင်ငံမှ အေးခဲကြက်ဘဲအသား တန်ချိန် ၂,၃၉၀ နှင့် ဥအမျိုးမျိုး ၂၉၈ မီလီယံနီးပါး တင်သွင်းခဲ့ကြောင်း သိရှိ ရသည်။ ထို့အတူ ဒိန်းမတ်နိုင်ငံမှလည်း အေးခဲကြက်ဘဲအသား တန်ချိန် ၄၅၀ ခန့်နှင့် ဥအမျိုးမျိုး ၂၁၀,၀၀၀ ခန့်ကို တင်သွင်းခဲ့သည်။
အစားအသောက်ဘေးကင်းလုံခြုံရေးဗဟိုဌာနသည် ဒိန်းမတ်နှင့် ဂျပန် အာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (WOAH) နှင့် သက်ဆိုင်ရာအေဂျင်စီများမှ နောက်ဆုံးရ သတင်းများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ “အခြေအနေ ဖြစ်ပေါ် ပြောင်းလဲမှုအပေါ် မူတည်ပြီး သင့်တော်သလို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါသည်” ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
