အီရန်သတင်းပေးများကိုစည်းရုံးရန် CIA က နည်းပညာလမ်းညွှန်ချက် ဗီဒီယိုထုတ်ပြန်

News Image

  • အီရန်သတင်းပေးများကိုစည်းရုံးရန် CIA က နည်းပညာလမ်းညွှန်ချက် ဗီဒီယိုထုတ်ပြန်

အမေရိကန်နှင့် အီရန်တို့အကြားတင်းမာမှုများ အရေးပါသော အခြေအနေသို့ ရောက်ရှိနေချိန်တွင် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) က အီရန်ရှိ သတင်းပေးနိုင်သူများအတွက် ၎င်းတို့နှင့် လုံခြုံစွာ မည်သို့ဆက်သွယ်ရမည်ဆိုသည့် လမ်းညွှန်ချက်ကို ဖာစီ (Farsi) ဘာသာစကားဖြင့် ထုတ်ပြန်လိုက်သည်။ အဆိုပါ နှစ်မိနစ်စာ ဗီဒီယိုတွင် VPN နှင့် Tor network ကဲ့သို့ နည်းပညာများကို အသုံးပြုရန်နှင့် ရုံးဖုန်း၊ ကွန်ပျူတာများကို ရှောင်ကြဉ်ရန် အသေးစိတ် ညွှန်ကြားထားသည်။

CIA အနေဖြင့် အလားတူ လူသစ်စုဆောင်းမှုများကို တရုတ်၊ ရုရှားနှင့် ကိုရီးယားနိုင်ငံများတွင်လည်းလုပ်ဆောင်ခဲ့ဖူးပြီး ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံက ယင်းလုပ်ရပ်ကို "နိုင်ငံရေးအရ ရန်စမှု" ဟု ရှုတ်ချခဲ့သကဲ့သို့ ရုရှားကလည်း ၎င်းတို့၏စည်းရုံးမှုကို ပြန်လည်လှောင်ပြောင်ခဲ့ဖူးသည်။

တစ်ဖက်တွင်လည်း သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် နျူကလီးယားဆိုင်ရာ သဘောတူညီချက်ကို လက်မခံပါက "အလွန်ဆိုးရွားသောနေ့" နှင့် ရင်ဆိုင်ရမည်ဟု သတိပေးထားသည်။ အိုမန်နိုင်ငံက ကြားဝင်စေ့စပ်ပေးသည့် နှစ်နိုင်ငံ နျူကလီးယားဆွေးနွေးပွဲများကို ဂျီနီဗာမြို့တွင် ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂၆) ၌ ပြန်လည်စတင်ရန် စီစဉ်ထားသော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့၏ ဒုံးကျည်အစီအစဉ်မှာ ဆွေးနွေးညှိနှိုင်းစရာ မဟုတ်ကြောင်း အခိုင်အမာ ပြောကြားထားသည်။ 

ယခုကဲ့သို့ ထောက်လှမ်းရေးဆိုင်ရာ စည်းရုံးမှုများနှင့် သတိပေးချက်များသည် အရှေ့အလယ်ပိုင်းတွင် အမေရိကန်က လေယာဉ်တင် သင်္ဘောအုပ်စုများ အပါအဝင် စစ်ရေးအင်အားသိသိသာသာ တိုးမြှင့်ချထားချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂