၂၀၃၁ ခုနှစ်တွင် ဂျပန်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီးရှိ ကျွန်းပေါ်၌ ဒုံးကျည်စနစ်များ ဖြန့်ကြက်မည်
ဂျပန်အစိုးရသည် ထိုင်ဝမ်ကျွန်းနှင့် နီးကပ်သော နိုင်ငံအနောက်ဘက်စွန်းရှိ ဝေးလံခေါင်ဖျားကျွန်း တစ်ကျွန်းပေါ်၌ မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များကို ၂၀၃၁ ခုနှစ်မတ်လနောက်ဆုံးထား ဖြန့်ကြက်ချထားရန်စီစဉ်နေကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပြောသည်။ ဂျပန်နိုင်ငံအနေဖြင့် ယခုကဲ့သို့ ဒုံးကျည်ဖြန့်ကြက်မည့်အချိန်ကို အတိအကျ သတ်မှတ်ပြောဆိုခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ဂျပန်တပ်မတော်၏ အခြေစိုက်စခန်းရှိပြီးသားဖြစ်သော ယိုနာဂူနီကျွန်းပေါ်၌ လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့်အားဖြည့်မည့် အစီအစဉ်ကို ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
ယခုအခါ ထိုကျွန်းပေါ်၌ ဒုံးကျည်ဖြန့်ကြက်မှုကို ၂၀၃၀ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီးက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောလာခြင်းဖြစ်သည်။
ဂျပန်နှင့် တရုတ်နိုင်ငံတို့ကြား လပေါင်းများစွာ အငြင်းပွားမှုများ ဖြစ်ပွားနေစဉ် ယခုကဲ့သို့ အတည်ပြုပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဂျပန်တပ်မတော်၏ အင်အားချဲ့ထွင်မှုတွင် ပါဝင်ပတ်သက်နေသည့် ဂျပန်ကုမ္ပဏီ ဒါဇင်ပေါင်းများစွာကို တရုတ်အစိုးရက ပို့ကုန်ကန့်သတ်ချက်များ ချမှတ်ကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
MWD
