အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကြည့်ရှုအားပေး
နေပြည်တော် ဖေဖော်ဝါရီ ၂၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပျဉ်းမနားမြို့ ခုတင်-၂၀၀ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ပင်စင်လစာလာရောက်ထုတ်ယူကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ဆေးကုသရေးအဖွဲ့ကို လက်ဆောင် သစ်သီးခြင်းနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် နေပြည်တော် လယ်ဝေးမြို့ အမှတ်(၆)ရပ်ကွက် ပေါက်မြိုင်ပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တဇနိန္ဒ၏ သက်တော်(၉၄)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ပေါက်မြိုင်ပရိယတ္တိ စာသင်တိုက်ဆရာတော်အား အလှူငွေနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော်ကြီးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် လယ်ဝေးမြို့ကျက်သရေဆောင် သမိုင်းဝင် “ဖောင်တော်ချက်မ” စေတီတော် မြတ်ကြီး ပြန်လည်တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စေတီတော်ကြီး ပြန်လည်ပြုပြင်ရာတွင် သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက ထိခိုက်ပျက်စီးမှုမရှိစေရေး မှာကြားခဲ့ကြောင်း သိရသည်။
MWD
