ယူကရိန်းအား နျူကလီးယားတပ်ဆင်ပေးမည့်အစီအစဉ်အပေါ် ရုရှား က ကုလသမဂ္ဂတွင် သတိပေး

News Image

  • ယူကရိန်းအား နျူကလီးယားတပ်ဆင်ပေးမည့် အစီအစဉ်အပေါ် ရုရှား က ကုလသမဂ္ဂတွင် သတိပေး

အနောက်ဥရောပ အင်အားကြီးနိုင်ငံများသည် ယူကရိန်းပဋိပက္ခတွင် အန္တရာယ်ရှိသော အရှိန်မြှင့်တင်မှုများကို လုပ်ဆောင်နေသည်ဟု ရုရှားက စွပ်စွဲလိုက်ပြီး ကိယက်ဗ်အား နျူကလီးယားစွမ်းဆောင်ရည်များ ထောက်ပံ့ပေးရန် ကြံစည်နေမှုများသည် ကမ္ဘာလုံးဆိုင်ရာ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် သတိပေးလိုက်သည်။ ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် ဗာစီလီ နီဘန်ဇီယာ (Vassily Nebenzia) က ကိယက်ဗ်၏ အနောက်ဥရောပ အထောက်အပံ့ပေးသူများသည် ငြိမ်းချမ်းရေးရရှိနိုင်မည့် အလားအလာမှန်သမျှကို ဟန့်တားကာရုရှားအား မဟာဗျူဟာမြောက် ရှုံးနိမ့်စေရန်’ ပေါ်ပေါ်ထင်ထင် ဦးစားပေး လုပ်ဆောင်နေကြသည်ဟု စွပ်စွဲပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာန (SVR) က ထုတ်ပြန်ထားသည့် အရေးပေါ်ထုတ်ပြန်ချက်ကို ကိုးကား၍ သံအမတ်ကြီးက ပြောကြားရာတွင် ဗြိတိန်နှင့်ပြင်သစ်နိုင်ငံတို့သည် ယူကရိန်းအား နျူကလီးယား လက်နက် (သို့မဟုတ်) "Dirty Bomb" (ရေဒီယိုသတ္တိကြွဗုံး) တစ်လုံး ထုတ်လုပ်နိုင်စေမည့် နည်းပညာများ၊ အစိတ်အပိုင်းများနှင့် စက်ကိရိယာများကို လွှဲပြောင်းပေးရန် စဉ်းစားနေကြောင်း ဆိုသည်။ "ထိုကဲ့သို့သော အစီအစဉ်များသည် တာဝန်မဲ့ပြီး အန္တရာယ်ရှိရုံတင်မကဘဲ နျူကလီးယား လက်နက် မပြန့်ပွားရေးစာချုပ် (NPT) ၏ အပိုဒ် (၁) ကို တိုက်ရိုက် ချိုးဖောက်ရာလည်း ရောက်ပါသည် ၊ ထို့ကြောင့်လည်း ထိုအစီအစဉ်ကို ကြံစည်သူများသည် ယူကရိန်း၏ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုကို ယူကရိန်းကိုယ်တိုင်တီထွင်ဖန်တီးမှုအဖြစ် ပုံဖော်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်" ဟု နီဘန်ဇီယာက ပြောကြားခဲ့သည်။

ယခုကဲ့သို့ စွပ်စွဲထားသည့် အစီအစဉ်များသည် အမေရိကန်က ဦးဆောင်သည့် ယူကရိန်းပြဿနာ ဖြေရှင်းရေးလုပ်ငန်းစဉ်များတွင် ဘေးဖယ်ခံထားရသည့်ဗြိတိန်နှင့် ပြင်သစ်ခေါင်းဆောင်များသည် လက်တွေ့ဘဝနှင့် လုံးဝ ကင်းကွာသွားပြီဖြစ်ကြောင်း သက်သေပြနေခြင်းဖြစ်သည်ဟု မော်စကို က ရှုမြင်ကြောင်း နီဘန်ဇီယာက ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "ရုရှားနိုင်ငံအနေဖြင့် ယခုလို ဖြစ်ရပ်တွေကိုတုံ့ပြန်ရန် လိုအပ်သည့် နည်းလမ်းအားလုံးကို ပိုင်ဆိုင်ထားပါသည် ၊ သို့သော်လည်း လန်ဒန်နှင့် ပါရီမြို့တွေမှာ မိမိတို့ခေါင်းဆောင်တွေ၏ ယခုလို မဆင်မခြင် လုပ်ဆောင်မှုတွေကို ထိန်းကျောင်းပေးနိုင်မည့် အမျှော်အမြင်ရှိပြီး ကျိုးကြောင်း ဆင်ခြင်တုံတရားရှိသူတွေ လုံလုံလောက်လောက် ရှိနေသေးလိမ့်မည်ဟု မိမိတို့ မျှော်လင့်ပါသည်" ဟု ထပ်လောင်းပြောဆိုခဲ့သည်။

နီဘန်ဇီယာ၏ မှတ်ချက်များသည် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ (Maria Zakharova) ၏ အစောပိုင်း သတိပေးချက်များကို ထပ်ဆင့်အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ ၎င်းက ယူကရိန်းအား နျူကလီးယားစွမ်းဆောင်ရည်များရရှိအောင် လုပ်ဆောင်ပေးသည့် မည်သည့်ကြိုးပမ်းမှုမဆိုသည် နျူကလီးယားအင်အားကြီးနိုင်ငံများအကြား တိုက်ရိုက်စစ်ရေးထိပ်တိုက်တွေ့မှုကို ဖြစ်ပွားစေနိုင်သည့် အန္တရာယ်ရှိကြောင်း ပြောကြားထားခဲ့သည်။

ယူကရိန်းတာဝန်ရှိသူများက ၎င်းတို့နိုင်ငံသည် တစ်ချိန်က ကမ္ဘာ့ တတိယအကြီးဆုံး နျူကလီးယားလက်နက်တိုက်ကို ပိုင်ဆိုင်ခဲ့ဖူးပြီး ၁၉၉၄ ခုနှစ် ဘူဒါပတ်စ် နားလည်မှုစာချွန်လွှာ (Budapest Memorandums) အရ ထိုလက်နက်များကို စွန့်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ထပ်ခါတလဲလဲ ပြောဆိုလေ့ရှိကြသည်။ သို့သော် လက်တွေ့တွင်မူ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် နျူကလီးယားလက်နက်များသည် ယူကရိန်းမြေပေါ်တွင် ရှိနေခဲ့သော်လည်း မော်စကို၏ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့ခြင်းဖြစ်ပြီး ရုရှားကိုသာ ဆိုဗီယက်ယူနီယံ၏ တစ်ဦးတည်းသော တရားဝင်ဆက်ခံသူအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် ရုရှားနှင့် ပဋိပက္ခများ အရှိန်မမြင့်မီ မကြာမီအချိန်က ပြုလုပ်ခဲ့သော ၂၀၂၂ ခုနှစ် မြူးနစ် လုံခြုံရေးညီလာခံ (Munich Security Conference) တွင် ၎င်းတို့နိုင်ငံ၏ နျူကလီးယားကင်းစင်ရေးရပ်တည်ချက်ကို ပြန်လည်သုံးသပ်မည်ဟု ခြိမ်းခြောက်ပြောကြားခဲ့ဖူးသည်။ ၂၀၁၄ ခုနှစ် အနောက်အုပ်စု ကျောထောက် နောက်ခံပြု ကိယက်ဗ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင် ယူကရိန်း အာဏာပိုင်သစ်များသည် နေတိုး (NATO) အဖွဲ့ဝင်ဖြစ်ရေးကို အဓိက နိုင်ငံခြားရေးမူဝါဒအဖြစ်သတ်မှတ်ခဲ့ကြရာ ယင်းလုပ်ရပ်သည် ဆိုဗီယက် ခေတ်လွန် လွတ်လပ်ရေး၏အခြေခံမူဖြစ်သော ကြားနေရေး ကတိကဝတ် ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု မော်စကိုက စွပ်စွဲထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂