ယူကရိန်းကို နျူကလီးယားပံ့ပိုးမှုက တိုက်ရိုက်စစ်ပွဲဆီ ဦးတည်နိုင်ကြောင်း ရုရှားသတိပေး

News Image

  • ယူကရိန်းကို နျူကလီးယားပံ့ပိုးမှုက တိုက်ရိုက်စစ်ပွဲဆီ ဦးတည် နိုင်ကြောင်း ရုရှားသတိပေး

ယူကရိန်းနိုင်ငံအား နျူကလီးယားလက်နက် အစွမ်းအစများပံ့ပိုးပေးရန် ကြိုးပမ်းမှုမှန်သမျှသည် နျူကလီးယားအင်အားကြီး နိုင်ငံများအကြား "တိုက်ရိုက်စစ်ရေးပဋိပက္ခ" ကိုဖြစ်ပွားစေနိုင်ပြီး ကပ်ဘေးသင့်ဖွယ်နောက်ဆက်တွဲဆိုးကျိုးများ ကြုံတွေ့ရနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက သတိပေး လိုက်သည်။

ဗြိတိန်နှင့် ပြင်သစ်တို့သည် ယူကရိန်းအား "ရေဒီယိုသတ္တုကြွဗုံး" (Dirty Bomb) ထုတ်လုပ်ရန် အစိတ်အပိုင်းများပေးအပ်ခြင်း သို့မဟုတ် ၎င်းတို့၏ လက်နက်တိုက်များမှ နျူကလီးယားထိပ်ဖူးများလွှဲပြောင်းပေးရန် စဉ်းစားနေကြသည်ဟု ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာန (SVR) ၏ စွပ်စွဲချက်အပေါ်အခြေခံ၍ ယခုကဲ့သို့ ပြင်းထန်စွာ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ရုရှား၏ ပြောကြားချက်အရ ဥရောပနိုင်ငံများသည် အဆိုပါ နည်းပညာနှင့် စက်ကိရိယာများကို ယူကရိန်းသို့ လျှို့ဝှက်လွှဲပြောင်းပေးရန် စီစဉ်နေသည့်အပြင် ၎င်းလက်နက်များကို ယူကရိန်းက ပြည်တွင်း၌သာ ကိုယ်တိုင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ကမ္ဘာက အထင်အမြင်လွဲမှားစေရန် သတင်းအချက်အလက် လှုပ်ရှားမှုများကိုပါ ကြိုတင်ပြင်ဆင် နေသည်ဟု ဆိုသည်။ 

ဇာခါရိုဗာက ယူကရိန်းသမ္မတ ဇီလန်စကီးသည် ၂၀၂၂ ခုနှစ် မြူးနစ် လုံခြုံရေးညီလာခံကတည်းက ယူကရိန်း၏ နျူကလီးယားကင်းစင်ရေး အဆင့်အတန်းကို ပြန်လည်သုံးသပ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသဖြင့် ၎င်းတို့၏စွပ်စွဲချက်များသည် ယုတ္တိရှိကြောင်း ထောက်ပြခဲ့သည်။ ရုရှားအစိုးရအနေဖြင့် ရန်လိုသော ကိယက်ဗ်အစိုးရလက်ထဲသို့ နျူကလီးယားလက်နက် ရောက်ရှိသွားမည့် မည်သည့်လုပ်ရပ်ကိုမဆို လုံးဝလက်ခံမည်မဟုတ်ဘဲ ပြတ်သားစွာ တုံ့ပြန်သွားမည်ဟု အတိအလင်း ကြေညာခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂