ထိုင်းနိုင်ငံတွင် Cobra Gold စစ်ရေးလေ့ကျင့်မှု စတင်

News Image

  • ထိုင်းနိုင်ငံတွင် Cobra Gold စစ်ရေးလေ့ကျင့်မှု စတင်

အရှေ့တောင်အာရှတွင် အကြီးမားဆုံးနှင့် သက်တမ်းအရှည်ကြာဆုံး နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုများအနက် တစ်ခုဖြစ်သည့် Cobra Gold စစ်ရေး လေ့ကျင့်မှုကို အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) က ထိုင်းနိုင်ငံတွင် စတင်ခဲ့သည်။ ယခုနှစ်တွင် နိုင်ငံပေါင်း ၃၀ မှ စစ်သည်အင်အား ၈,၀၀၀ ကျော် ပါဝင်တက်ရောက်လျက်ရှိသည်။

အဆိုပါ နှစ်စဉ်ပြုလုပ်မြဲဖြစ်သော စစ်ရေးလေ့ကျင့်မှုများကို မတ်လ ၆ ရက်နေ့အထိ ထိုင်းနိုင်ငံတစ်ဝှမ်းရှိ ခရိုင်အများအပြားတွင် ကျင်းပသွားမည် ဖြစ်သည်။ ၎င်း၏ရည်ရွယ်ချက်မှာ ပါဝင်သည့်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် လက်ရှိကမ္ဘာ့ အခြေအနေများနှင့်အညီ စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ရန် ဖြစ်သည်။

လေ့ကျင့်ခန်းကို ပူးတွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ထိုင်းနှင့် အမေရိကန် တို့အပြင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယားနှင့် မလေးရှား နိုင်ငံတို့သည် အပြည့်အဝ ပါဝင်ကြမည်ဖြစ်သည်။ တရုတ်၊ အိန္ဒိယနှင့် ဩစတြေးလျနိုင်ငံတို့မှာမူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအစီအစဉ်ကဲ့သို့သော ရွေးချယ်ထားသည့် ကဏ္ဍအချို့တွင်သာ ပါဝင်မည်ဖြစ်သည်။

စစ်ဆင်ရေးဆိုင်ရာ စီမံကိန်းရေးဆွဲခြင်းနှင့် ပူးပေါင်းညှိနှိုင်းမှုများကို အထောက်အကူပြုရန်အတွက် နိုင်ငံစုံစီမံကိန်းတိုးမြှင့်ရေးအဖွဲ့ (Multinational Planning Augmentation Team) တွင် ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ ဖီဂျီ၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီ၊ မွန်ဂိုလီးယား၊ နီပေါ၊ နယူးဇီလန်နှင့် ဖိလစ်ပိုင် စသည့် ၁၀ နိုင်ငံတို့က အလှည့်ကျစနစ်ဖြင့် ပါဝင်ကြမည်ဖြစ်သည်။ အခြား နိုင်ငံ ၁၀ နိုင်ငံဖြစ်သည့် ဘရူနိုင်း၊ ဂျာမနီ၊ ဂျော်ဒန်၊ လာအို၊ နယ်သာလန်၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ဆွီဒင်၊ တီမောလက်စတေနှင့် ဗီယက်နမ် တို့သည် ပူးတွဲလေ့လာရေးအဖွဲ့ (Combined Observer Liaison Team) တွင် ပါဝင်မည်ဖြစ်သည်။

ရာယောင်းခရိုင်ရှိ အူတာပေါင်း (U-Tapao) ထိုင်းတော်ဝင်လေတပ် စခန်းတွင် ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနား၌ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Sean O'Neill က ပေါ်ပေါက်လာနေသော ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် Cobra Gold သည် ဆက်လက်လိုအပ်နေဆဲဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ "ကမ္ဘာကြီး ပြောင်းလဲလာသည်နှင့်အမျှ Cobra Gold သည်လည်း လိုက်ပါပြောင်းလဲရပါမည် ၊ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်နိုင်ရန် အဆိုပါလေ့ကျင့်ခန်းကို အမြဲတမ်း ပြုပြင်ပြောင်းလဲနေရမှာဖြစ်သလို၊ ယခုရော အနာဂတ်မှာပါ မိမိတို့၏ အချုပ်အခြာအာဏာနှင့် သာယာဝပြောမှုကို ကာကွယ်ရန် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတွေကို မြှင့်တင်သွားရမှာ ဖြစ်ပါသည်" ဟု ၎င်းက ဆိုသည်။

ယခုနှစ် လေ့ကျင့်မှု၏ ထူးခြားချက်များတွင် ကဏ္ဍစုံ ပူးပေါင်းစစ်ဆင်ရေးများ (Combined Joint All-Domain Operations) ၊ စားပွဲတင် စစ်ကစားခြင်းလေ့ကျင့်မှုများ၊ မြေပြင်လေ့ကျင့်မှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပါဝင်ပါသည်။ ထို့အပြင် ဒေသတွင်းနှင့် နိုင်ငံဖြတ်ကျော် လုံခြုံရေးခြိမ်းခြောက်မှုများ မြင့်တက်လာနေခြင်းကြောင့် ယခုပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အာကာသဆိုင်ရာစစ်ဆင်ရေးများ (Space Operations) နှင့် ဆိုက်ဘာလုံခြုံရေး (Cybersecurity) မြှင့်တင်ခြင်းဆိုင်ရာ လေ့ကျင့်ခန်းများကိုပါ တိုးချဲ့ထည့်သွင်းသွားမည် ဖြစ်သည်။

၁၉၈၂ ခုနှစ်တွင် စတင်ခဲ့သော အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ယခုနှစ်တွင် ၄၅ ကြိမ်မြောက် ရှိပြီဖြစ်ပြီး၊ အမေရိကန်မှ စစ်သည်အင်အား ၃,၀၀၀ ကျော်နှင့် ဂျပန်နိုင်ငံမှ စစ်သည်အင်အား ၂၈၀ ခန့် ပါဝင်လျက်ရှိသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂