ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သတ္တမအကြိမ်မြောက် အင်းလေးကန်ဖြတ် စုပေါင်းစက်ဘီးစီးနင်းပွဲကျင်းပ
ညောင်ရွှေ မတ် ၁
ရှမ်းပြည်နယ် အင်းလေးဒေသ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အစီအစဉ်အဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သတ္တမအကြိမ်မြောက် အင်းလေးကန်ဖြတ် စုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့နံနက် ၇ နာရီတွင် ရှမ်းပြည်နယ် ညောင်ရွှေမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်းစုရပ်၌ ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ်သည် ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြပြီး ခရီးသွားအရင်းအမြစ်များ ပေါများစွာတည်ရှိခြင်းကြောင့် ယဉ်ကျေးမှုကိုအခြေခံသော ခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ စွန့်စားခရီးသွားလုပ်ငန်းစသည်ဖြင့် အမျိုးအစားစုံလင်စွာ ဆောင် ရွက်နိုင်သည့်ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ယခုလည်း (Sport Toursim) အားကစားနှင့် ခရီးသွား လုပ်ငန်းကို ပေါင်းစပ်သောပွဲတစ်ခုကို ကျင်းပနိုင်ခြင်းဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်း ဖြစ်သလို စက်ဘီးစီးအားကစားသမားများကိုလည်း မွေးထုတ်ပေးခြင်းဖြစ်သည့်အတွက် များစွာအ ကျိုးရှိပါကြောင်း၊ ဒေသတွင်းခရီးသွားလုပ်ငန်း တိုးတက်လာခြင်းကြောင့် ဒေသ၏ဝင်ငွေနှင့် လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသည့်အတွက် ယခုလိုပွဲမျိုးကို နှစ်စဉ်ကျင်း ပစေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက်(၃၀)ကီလိုမီတာကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကလည်း ကောင်း (၁၅)ကီလိုမီတာ စက်ဘီးစီးနင်းခြင်းအတွက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက လည်းကောင်း အသီးသီးသေနတ်ပစ်ဖောက်၍ တာလွှတ်ပေခဲ့ပြီး ပါဝင်စီးနင်း သူများကို ပြည်နယ်ဝန်ကြီးများနှင့် ဧည့်သည်တော်များက ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ ကြသည်။
အဆိုပါ စုပေါင်းစက်ဘီးစီးနင်းပွဲအပြီးတွင် ပန်းဝင်သည်အထိ စီးနင်းခဲ့ကြသူများအား ကံစမ်း မဲဖွင့်ဖောက်၍ အမှတ်တရ လက်ဆာင်ဆုများ ပေးအပ်ချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ ပြည်နယ်ဝန် ကြီးများနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများကို အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း နှင့် စုပေါင်းစက်ဘီးစီးနင်းပွဲသို့ စက်ဘီးစီး အားကစားသမား စုစုပေါင်း (၅၀၀)ဦးခန့် ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။
MWD
