အီရန်အပေါ် အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုများအား အမေရိကန် နိုင်ငံသားအများစု ထောက်ခံမှုမရှိကြောင်း စစ်တမ်းများက ဖော်ပြ
ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နှင့်အစ္စရေးတို့ပူးပေါင်း၍ အီရန် နိုင်ငံအပေါ် အကြီးအကျယ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အီရန်၏ အဓိပတိ အယာတိုလာ အလီခါမေနီ အပါအဝင် ထိပ်တန်းအရာရှိများနှင့် အရပ်သားရာပေါင်းများစွာ သေဆုံးခဲ့သည်။ ယင်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ Reuters/Ipsos မှ ကောက်ယူခဲ့သည့် လူထုသဘောထားစစ်တမ်းအရ အမေရိကန်နိုင်ငံသား ၄ ဦးတွင် ၁ ဦး (၂၇ ရာခိုင်နှုန်း)သာလျှင် လက်ရှိစစ်ရေးလှုပ်ရှားမှုကို ထောက်ခံကြောင်း သိရှိရသည်။ ဖြေဆိုသူ ၄၃ ရာခိုင်နှုန်းက ကန့်ကွက်ကြပြီး ကျန် ၂၉ ရာခိုင်နှုန်း မှာမူ ဝေခွဲမရသည့် အခြေအနေတွင် ရှိနေကြသည်။
သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ရေးအင်အားအသုံးပြုလိုမှုကိုလည်း လူထုက စိုးရိမ်နေကြပြီး အမေရိကန် နိုင်ငံသား ၅၆ ရာခိုင်နှုန်း က သမ္မတသည် အကျိုးစီးပွားကိုအကြောင်းပြကာ စစ်အင်အားကို အလွန်အကျွံ အသုံးပြုနေသည်ဟု ရှုမြင်ကြသည်။ အထူးသဖြင့် ရီပတ်ဘလစ်ကန် ပါတီဝင် များထဲတွင်ပင် အကယ်၍ အမေရိကန်စစ်သည်များ သေဆုံးဒဏ်ရာရမှုရှိလာပါက စစ်ပွဲကိုဆက်လက်ထောက်ခံရန် အလားအလာ နည်းပါး သွားမည်ဟု ဖြေကြားခဲ့ကြသည်။ အမှန်တကယ်ပင် တနင်္ဂနွေနေ့ (မတ် ၁) ညနေပိုင်းတွင် အမေရိကန်စစ်သည် ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ပင်တဂွန်က အတည်ပြုခဲ့သည်။
စစ်ပွဲကြောင့် စီးပွားရေးအကျိုးဆက်ဖြစ်သည့် လောင်စာဆီဈေးနှုန်း မြင့်တက်လာမည့်အရေးကိုလည်း အမေရိကန်နိုင်ငံသားများက ထိတ်လန့်နေကြသည်။ ကမ္ဘာ့ရေနံထောက်ပံ့မှု၏ ငါးပုံတစ်ပုံခန့်ဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြားတွင် သွားလာမှုများ ပြတ်တောက်နိုင်သည့် စိုးရိမ်ချက် ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမှာ တနင်္လာနေ့ (မတ် ၂) တွင် ၁၃ ရာခိုင်နှုန်း အထိ မြင့်တက်သွားခဲ့ရာ ယင်းသည် စစ်ပွဲအပေါ် လူထုထောက်ခံမှုကျဆင်းစေသည့် အဓိကအချက် ဖြစ်လာခဲ့သည်။
အမေရိကန်လွှတ်တော်အတွင်း၌မူ သဘောထားများ အပြင်းအထန် ကွဲပြားလျက်ရှိသည်။ ရီပတ်ဘလစ်ကန်အမတ်များက သမ္မတ၏ ဆုံးဖြတ်ချက်ကို ထောက်ခံနေကြသော်လည်း ဒီမိုကရက်တစ်အမတ်များကမူ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဘဲ လွှတ်တော်ခွင့်ပြုချက်မပါဘဲ စစ်ပွဲဆင်နွှဲနေခြင်းဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့ကြသည်။ အထက်လွှတ်တော်အမတ် တင်မ်ကိန်း (Tim Kaine) က သမ္မတ၏ စစ်ရေး လုပ်ပိုင်ခွင့်ကို ကန့်သတ်ရန်အတွက် "စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် အဆိုပြုချက်" ကို ယခုသီတင်းပတ်အတွင်း မဲခွဲဆုံးဖြတ်ရန် ပြင်ဆင်နေကြောင်း သိရှိ ရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
