တရုတ်နိုင်ငံအနေဖြင့် အီရန်အား အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများအပေါ် အလွန်အမင်း စိုးရိမ်ကြောင်း တရုတ်သံတမန် ပြောကြား
အီရန်အား အမေရိကန်နှင့်အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်၌ စစ်ရေးအရတိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့သည့်အပေါ် တရုတ်နိုင်ငံက အလွန်အမင်း စိုးရိမ်ကြောင်း ကုလသမဂ္ဂ (UN) ဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ပြောကြားခဲ့သည်။
သက်ဆိုင်ရာ နိုင်ငံအားလုံးအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ မူဝါဒများနှင့် ရည်ရွယ်ချက် များအား လိုက်နာသင့်သည်ဟူသောအချက်ကို တရုတ်နိုင်ငံက အစဉ်တစိုက်ထောက်ခံအားပေးကာ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ အင်အားသုံးခြင်း သို့မဟုတ် အင်အားသုံး၍ ခြိမ်းခြောက်ခြင်းကို ဆန့်ကျင်ရှုတ်ချကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး၌ ဖုက ပြောကြားခဲ့ သည်။
"အီရန်နှင့် ဒေသတွင်းက တခြားနိုင်ငံများ၏ အချုပ်အခြာအာဏာ၊ လုံခြုံမှု၊ နယ်မြေပိုင်နက် ပြည့်စုံမှု တို့ကို လေးစားရမှာဖြစ်ကြောင်း တရုတ်နိုင်ငံက အလေးအနက်ပြောကြားလိုပါသည်" ဟု ၎င်းက ပြောသည်။ အဆိုပါ ပဋိပက္ခကြောင့် အရပ်သားထိခိုက်သေဆုံးမှု အများအပြားရှိနေသည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် အလွန်အမင်း ဝမ်းနည်းမိကြောင်း၊ စစ်ရေးပဋိပက္ခများတွင် အရပ်သားများကို အမြဲတစေ အကာအကွယ်ပေးရမည့် အနီရောင်စည်းကို ကျော်လွန်ခြင်းမပြုသင့်သလို မဆင်မခြင် အင်အားသုံးခြင်းကိုလည်း လက်သင့်မခံကြောင်း တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က ပြောကြား ခဲ့သည်။
"သက်ဆိုင်ရာ နိုင်ငံအားလုံးအနေဖြင့် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေအပါအဝင် နိုင်ငံတကာ ဥပဒေမှာ ပြဋ္ဌာန်းထားသည့် တာဝန်ဝတ္တရားတွေကို ကျေပွန်စွာထမ်းဆောင်ရန်၊ အရပ်သားတွေ ဘေးကင်း လုံခြုံမှုရှိရေး ထိထိရောက်ရောက်ဆောင်ရွက်သွားရန်နှင့် အရပ်ဘက် အဆောက်အအုံတွေ အပေါ် တိုက်ခိုက်မှုတွေကို ရှောင်ကြဉ်ကြရန် တရုတ်နိုင်ငံက တိုက်တွန်းပါသည်" ဟု ၎င်းက ပြောကြားသည်။
အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုများ အရှိန်မြင့်တက်ကာ ပိုမိုကျယ်ပြန့်လာခြင်းက မည်သူ့အတွက်မျှ အကျိုးရှိစေမည်မဟုတ်ကြောင်း ဖုက အလေးထားပြောဆိုခဲ့ပြီး အင်အားသုံးခြင်းမှာ နိုင်ငံတကာ အငြင်းပွားမှုများကို ဖြေရှင်းရာတွင် မှန်ကန်သည့်နည်းလမ်းမဟုတ်သည့်အပြင် အမုန်းတရားနှင့် ထိပ်တိုက်ရင်ဆိုင်မှုများကိုပါ အရှိန်မြင့်တက်စေမည်ဖြစ်ကြောင်း ဆက်လက်ပြောကြား ခဲ့သည်။
"တွေ့ဆုံဆွေးနွေးမှုနှင့် ညှိနှိုင်းမှုကသာ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းနိုင်သည့် တစ်ခုတည်း သော နည်းလမ်းဖြစ်ပါသည်" ဟု ၎င်းက ပြောကြားခဲ့ကာ တင်းမာမှုပိုမိုအရှိန်မြင့်တက်လာသည့် သံသရာ စက်ဝန်းကို တားဆီးရေးအတွက် စစ်ရေးအရ တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း အလေးအနက်ပြောကြားခဲ့သည်။
ဆက်လက်၍ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် နိုင်ငံရေး သဘောထားမှန်ကန်မှုကို လက်တွေ့ပြသရန်၊ တွေ့ဆုံဆွေးနွေးမှုနှင့် ညှိနှိုင်းမှုများကို တတ်နိုင်သမျှ အမြန်ဆုံးပြန်လည်စတင်ရန်၊ နိုင်ငံရေးနည်းလမ်း အရ အဖြေရှာရန် ကြိုးပမ်းသည့်လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ဦးတည်ရန်လည်း တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က တိုက်တွန်းခဲ့သည်။
"တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ဆက်လက်ဖော်ဆောင်ပြီး အရှေ့အလယ်ပိုင်း ဒေသမှာ တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးပြန်လည်ရရှိစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ လက်တွဲ လုပ်ဆောင်သွားရန် အသင့်ရှိပါသည်" ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား - Xinhua
