တရုတ်နှင့် ရုရှားနိုင်ငံတို့ ကျောထောက်နောက်ခံပြုထားသည့် လုံခြုံရေးအဖွဲ့အစည်းက အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများကို ရှုတ်ချ

News Image

  • တရုတ်နှင့် ရုရှားနိုင်ငံတို့ ကျောထောက်နောက်ခံပြုထားသည့် လုံခြုံရေးအဖွဲ့အစည်းက အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများကို ရှုတ်ချ

ပေကျင်းနှင့် မော်စကိုတို့ ကျောထောက်နောက်ခံပြုထားသော ဒေသတွင်းလုံခြုံရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) က အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချလိုက်သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများက “အရှေ့အလယ်ပိုင်းဒေသ ဖြစ်ပေါ်တိုးတက်မှုများနှင့် အီရန်အစ္စလာမ္မစ် သမ္မတ နိုင်ငံအပေါ် လက်နက်ကိုင်တိုက်ခိုက်မှုများအပေါ် အထူးစိုးရိမ်ပူပန်ကြောင်း” တနင်္လာနေ့ (မတ် ၂) တွင် ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြထား သည်။ “အင်အားသုံးဖြေရှင်းခြင်းကို လက်မခံနိုင်ပါ ၊ လက်ရှိ ပဋိပက္ခကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ ဆွေးနွေးညှိနှိုင်းခြင်း၊ အပြန် အလှန်လေးစားခြင်းနှင့် အဖွဲ့ဝင်တစ်ခုချင်းစီ၏ တရားဝင် အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားခြင်းတို့ပင် ဖြစ်သည်” ဟု SCO က ဆိုသည်။

မော်စကိုနှင့် ပေကျင်းတို့သည် အဆိုပါဒေသတွင်းလုံခြုံရေးအဖွဲ့ကို ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အဖွဲ့ဝင် ၁၀ နိုင်ငံ ရှိပြီး အီရန်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ အနောက်နိုင်ငံများ ဦးဆောင်သည့် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများ၏ လွှမ်းမိုးမှုကိုစိန်ခေါ်ရန် ရည်မှန်းချက်ထားသော်လည်း SCO သည် အဖွဲ့ဝင်များအကြား (အထူးသဖြင့် ပြီးခဲ့သည့်နှစ်က စစ်မက်အနည်းငယ် ဖြစ်ပွားခဲ့သော အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား) ပြင်းထန်သော အားပြိုင်မှုများကြောင့် မကြာခဏဆိုသလို အဟန့်အတားများနှင့် ကြုံတွေ့နေရသည်။

ကိုးကား- CNN

Photo: Reuters

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂