ယူကရိန်း၊ ရုရှားနှင့် အမေရိကန်တို့၏ နောက်တစ်ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ယခုသီတင်းပတ်အတွင်း ကျင်းပမည်
ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်အတွက် မော်စကို၊ ကိယက်ဗ်နှင့် ဝါရှင်တန် တို့အကြား နောက်တစ်ကြိမ်ဆွေးနွေးပွဲကို ယခုသီတင်းပတ်အတွင်း ကျင်းပ သွားရန် မျှော်လင့်ရကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက တနင်္လာနေ့ (မတ် ၂) တွင် ပြောကြားခဲ့သည်။ မူလက မတ်လ ၅ ရက်မှ ၈ ရက်အတွင်း ကျင်းပရန်စီစဉ်ခဲ့သော်လည်း ယခုအခါ မတ်လ ၅ ရက် သို့မဟုတ် ၆ ရက်တွင် စတင်နိုင်ဖွယ်ရှိနေသည်။
ဆွေးနွေးပွဲကျင်းပမည့်နေရာနှင့်ပတ်သက်၍ ယခင်က အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)၊ အဘူဒါဘီမြို့တွင်ကျင်းပရန် လျာထားသော်လည်း အရှေ့အလယ်ပိုင်းရှိ အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား တင်းမာမှုများကြောင့် တူရကီ သို့မဟုတ် ဆွစ်ဇာလန်နိုင်ငံသို့ ပြောင်းရွှေ့ ကျင်းပနိုင်ခြေရှိကြောင်း ဇီလန်စကီးက ဆိုသည်။
ရုရှားနှင့် ယူကရိန်းတို့သည် အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် လပေါင်းများစွာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ယခုအခါ အဆိုပါလုပ်ငန်းစဉ်သည် နောက်ဆုံးအဆင့်သို့ ချဉ်းကပ်နေပြီဟု သတင်းများက ဖော်ပြနေသည်။ ဖေဖော်ဝါရီလလယ်က ဂျီနီဗာတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များက လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်များနှင့် လက်တွေ့အကောင်အထည်ဖော်မည့် နည်းလမ်းများကို အသေးစိတ်ညှိနှိုင်းခဲ့ကြသည်။ ရုရှားဘက်မှ အဓိကစေ့စပ်ညှိနှိုင်းသူ ဗလာဒီမာ မီဒင်စကီး ကလည်း ဆွေးနွေးမှုများသည် ခက်ခဲသော်လည်း အပြုသဘောဆောင်သည့် လုပ်ငန်းသဘောမျိုး ဖြစ်ခဲ့သည်ဟု မှတ်ချက်ပြုထားသည်။
အခြားတစ်ဖက်တွင်မူ အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ရုရှား၏ ယုံကြည်မှုအပေါ် မေးခွန်းထုတ်မှုများရှိနေ သော်လည်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်ကဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်ရန်မှာ ရုရှား၏ အကျိုးစီးပွား ဖြစ်ကြောင်းနှင့် အမေရိကန်၏ စေ့စပ်ညှိနှိုင်းမှုကြိုးပမ်းချက်များကို အလေးထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ရုရှား အနေဖြင့် လက်ရှိအခြေအနေကို သတိကြီးစွာသုံးသပ်နေပြီး "မိမိ ကိုယ်ကိုယ်သာ ယုံကြည်သည်" ဟု ပက်စကော့ဗ်က ဖြည့်စွက်ပြောဆိုခဲ့သည်။ ယခုလာမည့် ဆွေးနွေးပွဲတွင် နိုင်ငံသုံးနိုင်ငံမှ ခေါင်းဆောင်များထံတင်ပြရန် အဆိုပြုချက်မူကြမ်းများကို ရေးဆွဲသွားကြမည်ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
