အီရန်အကျပ်အတည်းအပေါ် တုံ့ပြန်မှုနှေးကွေးခြင်းကြောင့် ဥရောပ ကော်မရှင်ဥက္ကဋ္ဌ ဝေဖန်လှောင်ပြောင်ခံရ

News Image

  • အီရန်အကျပ်အတည်းအပေါ် တုံ့ပြန်မှုနှေးကွေးခြင်းကြောင့် ဥရောပ ကော်မရှင်ဥက္ကဋ္ဌ ဝေဖန်လှောင်ပြောင်ခံရ

အီရန်နိုင်ငံအတွင်းဖြစ်ပွားနေသည့် စစ်ရေးအကျပ်အတည်းနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ (EU) ၏ တုံ့ပြန်မှုသည် အရေးပေါ်အခြေအနေနှင့် လျော်ညီမှုမရှိဘဲ နှေးကွေးလွန်းသည်ဟုဆိုကာ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်သည် နိုင်ငံတကာတွင် လှောင်ပြောင်ဝေဖန်မှု များနှင့် ရင်ဆိုင်နေရသည်။ အမေရိကန်နှင့် အစ္စရေးတို့သည် စနေနေ့ (ဖေဖော်ဝါရီ ၂၈) တွင် အီရန်နိုင်ငံအပေါ် စစ်ရေးအရတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အီရန်အဆင့်မြင့်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ အပါအဝင် အဆင့်မြင့်အရာရှိများနှင့် အရပ်သားရာပေါင်းများစွာ သေဆုံး ခဲ့ရသည်။ အီရန်ဘက်ကလည်း အစ္စရေးနှင့် ပင်လယ်ကွေ့ဒေသရှိအမေရိကန်စခန်းများကို ဒုံးကျည်နှင့်ဒရုန်း ရာပေါင်းများစွာဖြင့် ပြန်လည် တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ စစ်ရေးတင်းမာမှုများ အထွတ်အထိပ်သို့ရောက်ရှိနေချိန်တွင် ဥရောပကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒါလီယန်က အခြေအနေများကို ဆွေးနွေးရန် အရေးပေါ်အစည်းအဝေးအား ရုံးပိတ်ရက်အပြီး တနင်္လာနေ့ (မတ် ၂) မှ သာ ကျင်းပမည်ဟု ကြေညာခဲ့ခြင်းက ဝေဖန်မှုများကို မီးလောင်ရာ လေပင့်ဖြစ်စေခဲ့သည်။ လူမှုကွန်ရက်အသုံးပြုသူများနှင့် သတင်းမီဒီယာများက EU ၏ လုပ်ဆောင်ပုံမှာ အရေးပေါ်အခြေအနေထက် ရုံးပိတ်ရက် အနားယူမှုကို ပိုမိုဦးစားပေးနေသည်ဟု ရှုမြင်ကြပြီး "ရုံးချိန်ကို လေးစားပါ" ဟူသော စကားရပ်ဖြင့် ခနဲ့ကာ လှောင်ပြောင်ခဲ့ကြသည်။ အချို့ကမူ EU ၏ ယခုကဲ့သို့ ကြန့်ကြာနေမှုသည် ပထဝီနိုင်ငံရေးအရ မစွမ်းဆောင်နိုင်မှုကို ပြသနေခြင်းဖြစ်ကြောင်း သို့မဟုတ် အကျပ်အတည်းမှာ အလိုအလျောက် ပြေလည်သွားမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်နိုင်ကြောင်း ထောက်ပြခဲ့ကြသည်။

ဥရောပနိုင်ငံများအကြားတွင်လည်း တုံ့ပြန်မှုများကွဲပြားလျက်ရှိရာ ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်တို့က အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှု တွင် ပါဝင်ခြင်းမရှိကြောင်း ပြောဆိုသော်လည်း အီရန်၏ တုံ့ပြန်မှုကို ရှုတ်ချခဲ့ကြသည်။ အခြားတစ်ဖက်တွင်မူ စပိန်နှင့် နော်ဝေနိုင်ငံတို့က ထိုတိုက်ခိုက်မှုများသည် ဒေသတွင်းတင်းမာမှုကို ပိုမိုဆိုးရွားစေမည်ဟု သတိပေးခဲ့ကြသည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သော ရုရှားနှင့် တရုတ်နိုင်ငံတို့ကမူ အမေရိကန်-အစ္စရေးတို့၏ လုပ်ဆောင်ချက်သည် နိုင်ငံတကာဥပဒေနှင့် အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြင်းထန်စွာ ရှုတ်ချခဲ့ကြပြီး စစ်ရေးအရတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ကာ သံတမန် ရေးရာ နည်းလမ်းဖြင့်ဖြေရှင်းရန် တောင်းဆိုခဲ့ကြသည်။ ထို့ပြင် အိန္ဒိယ၊ ဘရာဇီးနှင့် အာဖရိကသမဂ္ဂတို့ကလည်း ဒေသတွင်းစစ်မီး မကူးစက် စေရန် ဘက်ပေါင်းစုံမှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် တိုက်တွန်းထားကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂