ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့် မဟာရွှေသိမ်တော် တန်ခိုးကြီး ဘုရားတွင် တပေါင်းလပြည့်နေ့၌ ရပ်နီး/ ရပ်ဝေးမှ ဘုရားဖူး ပြည်သူ များနှင့်စည်ကား
ကျောက်ဆည် မတ် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့် မဟာရွှေသိမ်တော် တန်ခိုးကြီး ဘုရားကြီးတွင် တပေါင်းလပြည့်နေ့၌ ရပ်နီး/ရပ်ဝေးမှ ဘုရားဖူးလာပြည်သူများနှင့် စည်ကားလျက် ရှိကြောင်း သိရှိရသည်။
ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးသည် ကျောက်ဆည်မြို့ မြောက်ဘက် ရန်ကုန်-မန္တလေး ကားလမ်းမ ကြီးဘေး သင်တောင်းကျေးရွာအနီးတွင်တည်ရှိကာ နေ့စဉ်ဘုရားဖူး ပြည်သူများနှင့် အမြဲစည်ကားလျက်ရှိပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များနှင့် နေ့ကြီး၊ရက်ကြီးများတွင်လည်း ပို၍စည်ကားကြောင်း၊ ဘုရားဖူးလာသည့် ပြည်သူများ စိတ်အေးချမ်းသာစွာဘုရားဖူးနိုင်ရေး ဂေါပကအဖွဲ့မှ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ကားများ ရပ်နားရန်အတွက်ယာဉ်ရပ်နားကွင်းများ သီးသန့်ဆောင်ရွက်ပေးထားပြီး၊ အမှတ်တရပစ္စည်းရောင်းချသည့် ဈေးဆိုင်ခန်း များလည်း စနစ်တကျဆောင်ရွက်ပေးထားကြောင်းနှင့် ဘုရားဖူးပြည်သူများ၏ လိုအပ်သည့်အကူအညီများ ဖြည့်ဆည်း ပေးနိုင်ရေး လုံခြုံရေးဝန်ထမ်းများ ထားရှိပေးထားကြောင်း ဆုတောင်းပြည့် ရွှေသိမ်တော်ဘုရားကြီး၏ ဂေါပက အဖွဲ့ဝင် ဦးချစ်ညွန့်က ပြောပြသည်။
ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကို သက္ကရာဇ်(၃၉၅)ခုနှစ်တွင် ရှင်အရဟံရဟန္တာကြီး ကိုယ်တိုင် သိမ် သမုတ်ပြီး အနော်ရထားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် တန်ခိုးကြီးဘုရား တစ်ဆူဖြစ်ကြောင်းနှင့် သစ္စာ အဓိဋ္ဌာန်ပြု ဆုတောင်းပါက တောင်းသည့်ဆုများ ပြည့်ဝသဖြင့် ဘုရားဖူးများ တစ်နေ့တစ်ခြား စည်ကား လာကြောင်း၊ မဟာရွှေသိမ်တော်ဘုရားကြီးသို့ ပြည်သူများ လာရောက်ဖူးမျှော်လိုပါ အဆိုပါ ဘုရားကြီးသည် ကျောက်ဆည်မြို့ မြောက်ဘက် တစ်မိုင်ခန့်အကွာ ရန်ကုန်-မန္တလေးကားလမ်းအနီး သင်တောင်းကြီးကျေးရွာတွင် တည်ရှိကြောင်း သိရှိသည်။
သက်မောင်(ကျောက်ဆည်)
