၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော် မေ ၂၅
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်ကွင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ်ကွင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ အားကစားဥယျာဉ်ကွင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကိုးသိန်း အားကစားကွင်းတို့၌ ဇုန်လေးဇုန်ခွဲ၍ကျင်းပရာ အားကစားရေးရာ ဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် အားကစား ဝါသနာရှင်ပရိသတ်များ တစ်ခဲနက် လာရောက်ကြည့်ရှု အားပေးကြသည်။
ယနေ့ ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ ၃ နာရီမှစတင်၍ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ကွင်း၌ ချင်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ချင်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ မွန်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မွန်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့် မန္တလေး တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း ယှဉ်ပြိုင်အနိုင် ရရှိခဲ့ကြောင်း သိရသည်။
MWD

,