ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ် ဖာနန်ဒက် စံချိန်သစ်တင်
မန်ချက်စတာ မေ ၂၅
မန်ယူအသင်းကွင်းလယ်ကစားသမား ဖာနန်ဒက် သည် ပရီးမီးယားလိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် ကစားသည့် ဘရိုက်တန်အသင်းနှင့် မန်ယူအသင်းတို့ပွဲစဉ်တွင် ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်း တစ်လျှောက် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ဖာနန်ဒက်သည် ဘရိုက်တန်အသင်းနှင့် ပွဲစဉ်တွင်ပွဲချိန် ၃၃ မိနစ်၌ သွင်းယူနိုင်သည့် အသင်းဖော်ဒိုကူ၏ သွင်းဂိုးကို ဂိုးဖန်တီးမှုပြုလုပ်နိုင်သကဲ့သို့ ပွဲချိန် ၄၄ မိနစ်တွင်လည်း ကိုယ်တိုင်တစ်ဂိုး သွင်းယူနိုင်သည်အထိ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည်။
ဖာနန်ဒက်သည် ယခုဘောလုံးရာသီတွင် မန်ယူ အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ပြီး မန်ယူအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိရာတွင် အဓိက ကစားသမားအဖြစ်ပါဝင်ကာ ဘရိုက်တန် အသင်းနှင့်ပွဲစဉ်တွင် ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်နိုင် ပြီးနောက် ယခုဘောလုံးရာသီတွင် ဂိုးဖန်တီးမှု ၂၁ကြိမ်အထိရှိလာခဲ့သည်။
ဖာနန်ဒက်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်း တစ်လျှောက်တွင် ဘောလုံးတစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည့် အာဆင်နယ်အသင်း ကစားသမားဟောင်း အွန်နရီနှင့်မန်စီးတီးအသင်း ကစားသမားဟောင်း ဒီဘရိုင်းတို့ကိုကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
အစောပိုင်းက ဘောလုံးတစ်ရာသီဂိုး ဖန်တီးမှုအများဆုံး ကစားသမားများအဖြစ် အွန်နရီက ၂၀၀၂-၂၀၀၃ ဘောလုံးရာသီ၊ ဒီဘရိုင်းက ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတို့တွင် ဂိုးဖန်တီးမှုအကြိမ် ၂၀ ပြုလုပ်နိုင်ခဲ့ပြီး ဘောလုံးတစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ရပ်တည်နေခြင်းကို ယခုအခါ ဖာနန်ဒက်က တစ်ကြိမ်အသာဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဖာနန်ဒက်သည် ယခုဘောလုံးရာသီတွင် မန်ယူ အသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြနိုင်ပြီးနောက် ဘောလုံးကလောင်ရှင် အစည်းအရုံးက ပေးအပ်သည့် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု၊ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုနှင့် မန်ယူအသင်း၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု စသည့် တစ်ဦးချင်း ဆုတံဆိပ်များကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
MWD

,