သင်္ဘောကုန်စည်ပို့ဆောင်ရေး အနှောင့်အယှက်များကြောင့် အိန္ဒိယ နိုင်ငံသည် ရေနံစိမ်းထောက်ပံ့မှုဆိုင်ရာ ရိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာ ခံရနိုင်ခြေရှိကြောင်း ကျွမ်းကျင်သူများ သုံးသပ်

News Image

  • သင်္ဘောကုန်စည်ပို့ဆောင်ရေး အနှောင့်အယှက်များကြောင့် အိန္ဒိယ နိုင်ငံ သည် ရေနံစိမ်းထောက်ပံ့မှုဆိုင်ရာ ရိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာ ခံရ နိုင်ခြေရှိကြောင်း ကျွမ်းကျင်သူများ သုံးသပ်

ကမ္ဘာ့အကြီးဆုံး ရေနံတင်သွင်းသည့် နိုင်ငံများထဲမှတစ်ခုဖြစ်သော အိန္ဒိယနိုင်ငံသည် အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် သင်္ဘောကုန်စည် ပို့ဆောင်ရေးလမ်းကြောင်းများ ရေရှည်အနှောင့်အယှက်ဖြစ်လာပါက ရေနံစိမ်းထောက်ပံ့မှုဆိုင်ရာ ရိုက်ခတ်မှုဒဏ်ကို အပြင်းထန်ဆုံးခံရနိုင်သည့် နိုင်ငံများထဲတွင် ပါဝင်လာနိုင်ပါသည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ဖြတ်သန်းလာသည့် ရေနံစိမ်းများကို အဓိကဝယ်ယူသူများ ဖြစ်ကြ သော်လည်း ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံထက် ရေနံသိုလှောင်ထားနိုင်မှုပမာဏ ပိုမိုနည်းပါးသဖြင့် ပိုမိုစိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

စွမ်းအင်ဆိုင်ရာ အကြံပေးလုပ်ငန်းတစ်ခုဖြစ်သည့် Kpler မှ လေ့လာဆန်းစစ်သူ Sumit Retolia ၏ ပြောကြားချက်အရ အိန္ဒိယ၏ "စီးပွားဖြစ် ရေနံစိမ်းသိုလှောင်ထားမှုမှာ စည်ပေါင်း သန်း ၁၀၀ ခန့် ရှိသည်" ဟု သိရှိရသည်။ "ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် တစ်နေ့လျှင် ပျမ်းမျှ ရေနံစည် ၂.၅ သန်းခန့် တင်သွင်းနေရသည့် အခြေအနေတွင်... အကယ်၍ ရေနံတင်သွင်းမှု ရပ်ဆိုင်းသွားသည့် အခြေအနေမျိုးဖြစ်ပေါ်လာပါက ယခုရှိနေသော စုစုပေါင်း အရန်သိုလှောင်မှုများသည် သီအိုရီအရ ရက်ပေါင်း ၄၀ မှ ၄၅ ရက်စာ တင်သွင်းမှုအတွက်သာ လုံလောက်နိုင်မည်ဖြစ်သည်" ဟု ၎င်းက တနင်္လာနေ့ (မတ် ၂) တွင် ပြောကြားခဲ့သည်။

အိန္ဒိယ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ကြီးဌာနက ၎င်းတို့၏ X လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် "လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေ များကို အစဉ်တစိုက် စောင့်ကြည့်လျက်ရှိသည်" ဟု တနင်္လာနေ့ (မတ် ၂) တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် "နိုင်ငံအတွင်း အဓိက ရေနံထွက်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန်နှင့် ဈေးနှုန်းသင့်တင့်မျှတစေရန်အတွက် လိုအပ်သော ခြေလှမ်း မှန်သမျှကို လုပ်ဆောင်သွားမည်" ဟု ဝန်ကြီးဌာနက ထပ်လောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက Kpler ၏ အစီရင်ခံစာအရ အိန္ဒိယ နိုင်ငံသည် ဝါရှင်တန်၏ ဖိအားပေးမှုကြောင့် ရုရှားထံမှ ရေနံစိမ်းဝယ်ယူမှုကိုလျှော့ချခဲ့ပြီး အရှေ့အလယ်ပိုင်းမှ တင်သွင်းမှုများကို ပြန်လည်မြှင့်တင်ရန် ပြင်ဆင်နေပုံရကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း ယခု အခါ အရှေ့အလယ်ပိုင်းတွင် အနှောင့်အယှက်များဖြစ်ပေါ်လာပါက အိန္ဒိယအနေဖြင့် အခြားသောရင်းမြစ်များမှ ရေနံကိုရှာဖွေရတော့မည် ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။

အကယ်၍ အခြားသော အစားထိုးရေနံထောက်ပံ့မှုများကို အချိန်မီ မရရှိနိုင်ပါက အိန္ဒိယသည် "ရုရှားရေနံစိမ်း ဝယ်ယူမှုများကို ပြန်လည်မြှင့်တင် လာနိုင်ဖွယ်ရှိသည်" ဟု Kpler က ပြောကြားခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် "ကမ္ဘာ့ရေနံဈေးနှုန်း အဆမတန် မြင့်တက်လာမှုကို ထိန်းညှိ ရာတွင် အထောက်အကူဖြစ်စေနိုင်သောကြောင့် သမ္မတ ထရမ့်ထံမှ ပြင်းထန်သော ဝေဖန်မှုများကို ရရှိလိမ့်မည်မဟုတ်ပါ" ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကိုးကား- CNN

Photo: The Times of India

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂