ပြည်တွင်းသုံးစွဲရန် ဆီဖူလုံမှုရှိသော်လည်း ကမ္ဘာ့ဈေးနှုန်းနှင့်အညီ ဈေးတက်မည်ဖြစ်ကြောင်း ထိုင်းအစိုးရအတည်ပြု

News Image

  • ပြည်တွင်းသုံးစွဲရန် ဆီဖူလုံမှုရှိသော်လည်း ကမ္ဘာ့ဈေးနှုန်းနှင့်အညီ ဈေးတက်မည်ဖြစ်ကြောင်း ထိုင်းအစိုးရအတည်ပြု

ပြည်တွင်းသုံးစွဲရန်အတွက် စက်သုံးဆီလက်ကျန် အလုံအလောက်ရှိသော်လည်း ဈေးနှုန်းမြင့်တက်မှုကိုလျှော့ချရန် ထောက်ပံ့ကြေးများ (Subsidies) ပေးထားသည့်တိုင်အောင် ကမ္ဘာ့ဈေးနှုန်း မြင့်တက်လာမှုနှင့်အညီ ပြည်တွင်းဈေးနှုန်းများလည်း လိုက်ပါမြင့်တက်လာမည် ဖြစ်ကြောင်း ထိုင်းအစိုးရက သတိပေးပြောကြားလိုက်သည်။

အင်္ဂါနေ့ (မတ် ၃) က နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အရှေ့ အလယ်ပိုင်းအရေး အစည်းအဝေးအပြီး၌ ဝန်ကြီးချုပ် အနုတင် ချန်ဝီ ရာကူးလ် (Anutin Charnvirakul) က ပြောကြားရာတွင် ထိုင်းနိုင်ငံသည် တစ်ရက်လျှင် စက်သုံးဆီ လီတာ ၁၇၀ သန်း ထုတ်လုပ်သန့်စင်နိုင်ပြီး ပြည်တွင်းသုံးစွဲမှုမှာ တစ်ရက်လျှင် လီတာ ၁၃၀ သန်းသာ ရှိကြောင်း ဆိုသည်။

လတ်တလောတွင် အစိုးရအနေဖြင့် တစ်ရက်လျှင် လီတာ ၇ သန်းခန့် တင်ပို့နေရသော လာအိုနိုင်ငံမှလွဲ၍ ကျန်ရှိသော ပြည်ပသို့ ဆီတင်ပို့မှု အားလုံးကို ရပ်ဆိုင်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ လာအို နိုင်ငံကို ချွင်းချက်အနေဖြင့် ဆက်လက်တင်ပို့ရခြင်းမှာ ထိုင်းနိုင်ငံသည် လျှပ်စစ်မီးအတွက် လာအိုနိုင်ငံအပေါ် တစ်စိတ်တစ်ပိုင်း မှီခိုနေရသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

"လက်ရှိအချိန်မှာ အကျပ်အတည်း မရှိသေးဘူးဆိုသည်ကို မိမိ အတည်ပြုပါသည်၊ မိမိတို့မှာ လုံလောက်သည့် စက်သုံးဆီအရန်အင်အား ရှိပါသည်၊ အရန်ဆီ ရက်ပေါင်း ၆၀ စာပဲရှိသည်ဆိုသည့် အစီရင်ခံစာတွေဟာ ရေနံစိမ်း (Crude Oil) ထပ်မံတင်သွင်းခြင်း မပြုတော့ဘူးဆိုသည့် ယူဆချက် အပေါ် အခြေခံထားတာပါ ၊ တကယ်တော့ ကျွန်တော်တို့အနေဖြင့် အရှေ့အလယ်ပိုင်းကတင်မကဘဲ အခြားအရင်းအမြစ်တွေကနေပါ ဆီတင်သွင်းနေခြင်း ဖြစ်ပါသည်" ဟု အနုတင်က ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခသည် ဆီဈေးနှုန်းများအပေါ် သက်ရောက်မှုရှိလာမည်ကို ယာယီဝန်ကြီးချုပ်က ဝန်ခံခဲ့သော်လည်း ၎င်း၏ အစိုးရ အနေဖြင့် စက်သုံးဆီ၊ ဂတ်စ် နှင့် အခြားမရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ၏ လက်လီဈေးနှုန်းများကို တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစား ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဝီရာပတ် ကီယတ် ဖျောင်ဖူး (Veerapat Kiatfuengfoo) က အင်္ဂါနေ့ (မတ် ၃) နံနက်ပိုင်းတွင် အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်လိုက်ပြီဟု ကြေညာခဲ့ကြောင်း ပြောကြားသည်။ ထို့ကြောင့် ကုန်သည်များအနေဖြင့် အရန်ဆီလုံလောက်မှုရှိစေရန်အတွက် အမေရိက၊ အနောက် အာဖရိကနှင့် မလေးရှားကဲ့သို့သော အခြားအရင်းအမြစ်များမှ ဆီများကို ဝယ်ယူရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဆီဈေးနှုန်းမြင့်တက်မှုကို ထောက်ပံ့ကူညီရန် (Subsidise) 'စက်သုံးဆီရန်ပုံငွေ' (Oil Fuel Fund) ကို အသုံးပြုသွားမည်ဖြစ်သည်။ သို့သော်လည်း ပြည်တွင်း စက်သုံးဆီဆိုင်ဈေးနှုန်းများသည် ကမ္ဘာ့ရေနံဈေးနှုန်းများနှင့်အညီ ဆက်လက်မြင့်တက်နေဦးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"မိဘပြည်သူများအနေဖြင့် စိုးရိမ်တကြီး ဆီများ ဝယ်ယူစုဆောင်းခြင်းမျိုးမပြုလုပ်ကြရန် မေတ္တာရပ်ခံချင်ပါသည် ၊ ဆီအမြောက်အမြားကို စနစ်တကျမဟုတ်ဘဲသိုလှောင်ခြင်းက ဥပဒေနှင့်မကင်းသလို အန္တရာယ်လည်း အလွန်များပါသည် ၊ ထိုင်းနိုင်ငံမှာ ပြည်တွင်းသုံးစွဲရန် အရန်ဆီ အလုံအလောက်ရှိသည်ကို စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယုံကြည်မှုအပြည့် ရှိပါသည်" ဟု ဝီရာပတ်က ပြောကြားခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂