မြန်မာနိုင်ငံသားများ ထိုင်းနယ်စပ်မြို့တွင် စက်သုံးဆီများ တိုးဝှေ့ဝယ်ယူနေ
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲများကြောင့် စက်သုံးဆီ စျေးနှုန်းများ စတင်မြင့်တက်လာသည့်အတွက် မြန်မာနိုင်ငံသားများသည် တာ့ခ်ခရိုင် (Tak province) ရှိ မဲဆောက်မြို့တွင် ဆီဖြည့်ရန် ထိုင်းနိုင်ငံဘက်သို့ အုပ်စုလိုက်အပြုံလိုက် ဖြတ်ကျော်ဝင်ရောက်လျက်ရှိသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်မှ ဝင်ရောက်လာသော မော်တော်ယာဉ်အများစုမှာ ခရီးသည်တင် မှန်လုံယာဉ် (Vans) များဖြစ်ကြပြီး သောင်းရင်းမြစ်ကို ဖြတ်ကျော်ထားသည့် ပထမ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဝင်ရောက်လာကြခြင်းဖြစ်သည်။ ဓာတ်ပုံမှတ်တမ်းတစ်ခုတွင် တွေ့ရှိရသည့် ဖြစ်ရပ်တစ်ခု၌ ယာဉ်မောင်းတစ်ဦးသည် ၎င်း၏ယာဉ်အတွင်းရှိ ဆီတိုင်ကီထဲသို့ ဆီပမာဏ အများဆုံးဝင်ဆံ့စေရန်အတွက်ကားကိုလှုပ်ခါပြီး လျှံထွက်လုနီးပါးအထိ ဖြည့်တင်းနေသည်ကို တွေ့ရှိ ခဲ့ရသည်။
အဆိုပါ လာရောက်ဆီဖြည့်သူ များပြားလာမှုကြောင့် မဲဆောက်မြို့ခံများအကြား စက်သုံးဆီ ပြတ်လပ်သွားနိုင်သည်ဟူသော စိုးရိမ်မှုများမြင့်တက်လာပြီး ၎င်းတို့ကိုယ်တိုင်လည်း ဆီဖြည့်ရန် အပြေးအလွှား သွားရောက်ခဲ့ကြသည်။
PTT နှင့် Bangchak ကုမ္ပဏီတို့က ပြည်တွင်းအရန်ဆီ လုံလောက်မှုရှိသဖြင့် လတ်တလောတွင် ဈေးနှုန်းကိုထိန်းထားမည်ဟု ပြောကြား သော်လည်း အခြားပြိုင်ဘက် ကုမ္ပဏီအချို့မှာမူ ဆီဆိုင်များတွင် ဈေးနှုန်းများ စတင်မြှင့်တင်နေပြီဖြစ်သည်။ Shell ကုမ္ပဏီသည် အင်္ဂါနေ့ (မတ် ၃) တွင် ဒီဇယ်ဈေးကို တစ်လီတာလျှင် ၄.၂၀ ဘတ် နှင့် Gasohol ကို ၁.၅၀ ဘတ် မြှင့်တင်ခဲ့သည်။ Caltex ကလည်း ဒီဇယ်ဈေးကို ၁.၈၀ ဘတ် နှင့် Gasohol အများစုကို တစ်လီတာလျှင် ၀.၉၀ ဘတ် အသီးသီး မြှင့်တင်ခဲ့သည်။
ပြီးခဲ့သည့် စနေနေ့ (ဖေဖော်ဝါရီ ၂၈) က အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများစတင်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းမှာ ၁၀% မှ ၁၅% ခန့်အထိ မြင့်တက်လာခဲ့ရာ ရှေ့ဆက်၍ ဆီဈေးနှုန်းများထပ်မံမြင့်တက်လာနိုင်ခြေရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းနေကြသည်။
မဲဆောက်မြို့ရှိ ဆီဆိုင်များတွင် ယာဉ်မောင်းများတန်းစီစောင့်ဆိုင်းနေကြသဖြင့် လူတန်းရှည်ကြီးများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ မြန်မာလိုင်စင်ရယာဉ်များသာမက ထိုင်းပုဂ္ဂလိကကားများနှင့် ကုန်တင်ကားများပါ တန်းစီနေကြခြင်းဖြစ်သည်။
တာ့ခ်ခရိုင်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်ဒေသသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများက လျှပ်စစ်မီးထုတ်လုပ်ရန် အသုံးပြုခြင်းကိုတားဆီးနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ စက်သုံးဆီတင်ပို့မှုကိုပိတ်ပင်ထားသည့် အစိုးရ၏ “ဖြတ်သုံးဖြတ် (Three Cuts)” မူဝါဒအောက်တွင် ရှိနေဆဲဖြစ်သည်။
သို့သော်လည်း မြန်မာနိုင်ငံသားများအနေဖြင့် ပုဂ္ဂလိကယာဉ်များဖြင့် နယ်စပ်ဖြတ်ကျော်ကာ ဆီဖြည့်ခြင်းကိုမူ ခွင့်ပြုထားဆဲဖြစ်သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
