အရှေ့အလယ်ပိုင်းရေးရာ
အရှေ့အလယ်ပိုင်းဒေသတွင်း လက်ရှိဖြစ်ပေါ်နေသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ရုရှားနှင့်ကမ္ဘာ့သတင်းဌာနကြီးများက ဖော်ပြထားသည့်အချက်အလက်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။
အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်ရွေးချယ်မှု
အမေရိကန်နှင့် အစ္စရေးတို့၏ လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည့် အီရန်နိုင်ငံ၏အဓိပတိနှင့် ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီ၏သားဖြစ်သူ မော့်တာဘာခါမေနီသည် ၎င်း၏ဖခင်နေရာကို ဆက်ခံမည့်သူအဖြစ် လက်ရှိတွင် ရေပန်းအစားဆုံး ဖြစ်လာကြောင်း အီရန် အရာရှိများ၏ ပြောကြားချက်ကိုကိုးကား၍ နယူးယောက်တိုင်းသတင်းဌာနက ဖော်ပြထားသည်။
အသက် ၅၆ နှစ်အရွယ်ရှိ မော့်တာဘာခါမေနီကို နိုင်ငံ၏အဓိပတိနှင့် ဘာသာရေးခေါင်းဆောင်သစ်အဖြစ် မတ်လ ၄ ရက် နံနက်ပိုင်းတွင်ကြေညာရန် ပညာရှင်များကောင်စီက ပြင်ဆင်ခဲ့သော်လည်း ထိုသို့ကြေညာခြင်းသည် မော့်တာဘာခါမေနီအနေဖြင့် အမေရိကန်နှင့်အစ္စရေး တို့၏ပစ်မှတ်ဖြစ်လာစေနိုင်သည်ဟု အဖွဲ့ဝင်အချို့က စိုးရိမ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် မတ်လ ၃ ရက်တွင် ကွန်းမ်မြို့ရှိ နိုင်ငံ၏အဓိပတိအသစ်အား ရွေးချယ်သည့် ပညာရှင်များကောင်စီရုံးကို အစ္စရေးတို့က တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
သို့သော် အီရန်ဘက်မှ လူအများကို အချိန်မီကြိုတင်ရွှေ့ပြောင်းထားခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေ။ ထို့ကြောင့် နိုင်ငံ့ခေါင်းဆောင်သစ်ရွေးပွဲကို အဝေးရောက်စနစ်ဖြင့်သာ ကျင်းပနိုင်ခဲ့သည်။
အမေရိကန်စစ်အခြေစိုက်စခန်းများအပေါ် အီရန်၏တုံ့ပြန်တိုက်ခိုက်မှုများဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၂ ရက်အတွင်း အီရန်၏တိုက်ခိုက်မှုကြောင့် ဘာရိန်း၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် ကာတာနိုင်ငံရှိ အယ်လ် အူဒစ်အခြေစိုက်စခန်းများရှိ ရေဒါနှင့် ဂြိုဟ်တုဆက်သွယ်ရေး အင်တင်နာများ ပျက်စီးခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံများတွင်ဖော်ပြထားသည်။ အယ်လ်အူဒစ် အခြေစိုက်စခန်းသည် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏အကြီးမားဆုံးသော စစ်အခြေစိုက်စခန်းဖြစ်သည်။ အီရန်နိုင်ငံ အနေဖြင့် ၂၀၂၅ ခုနှစ် ဇွန်လအတွင်းဖြစ်ပွား ခဲ့သောပဋိပက္ခများအတွင်း အသုံးပြုလုပ်ဆောင်ခဲ့သည့် နည်းလမ်းများအတိုင်း အမေရိကန် တပ်ဖွဲ့များအကြား ဆက်သွယ်ရေးကွန်ရက်ကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်ထားကြောင်း နယူးယောက်တိုင်းသတင်းစာက ဖော်ပြထားသည်။ သို့သော် အီရန်၏ အဆိုပါတိုက်ခိုက်မှုများနှင့်စပ်လျဉ်း၍ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်က မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။
လက်ရှိဟော်မုဇ် ရေလက်ကြားအခြေအနေလက်ရှိတွင် ဟော်မုဇ်ရေလက်ကြားကို အီရန်ရေတပ်က အပြည့်အဝထိန်းချုပ် ထားဆဲဖြစ်ပြီး ဖြတ်သန်းရန်ကြိုးပမ်းသည့် ရေနံတင်သင်္ဘော ၁၀ စင်းကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောကြားထားသည်။ ထို့ပြင် ဒေသတွင်းမှ လောင်စာဆီများကိုသယ်ယူရန် ကြိုးပမ်းသည့် မည်သည့်နိုင်ငံကိုမဆို တိုက်ခိုက်သွားမည်ဟု အီရန်အစ္စလာမ်မစ်အစောင့်တပ်ဖွဲ့မှ တပ်မှူး ဗိုလ်ချုပ်ကြီး အီဘရာဟင်ဂျာ ဘာရီ၏ အကြံပေးတစ်ဦးက မတ်လ ၃ ရက်တွင်ပြောကြားထားသည်။
လက်ရှိတွင် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့ခံထားရခြင်းကြောင့် ပါရှန်းပင်လယ်ကွေ့ရှိဆိပ်ကမ်းများတွင် သင်္ဘောပေါင်း ၃၀၀၀ ကျော် ပိတ်မိနေကြောင်း Wall Street ဂျာနယ်က ဖော်ပြထားသည်။
Ref: Ta
MWD
