အမေရိကန်အထက်လွှတ်တော်ကြားနာပွဲတွင် အီရန်စစ်ပွဲ ဆန့်ကျင်ရေးနှင့်စပ်လျဉ်း၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

News Image

  • အမေရိကန်အထက်လွှတ်တော်ကြားနာပွဲတွင် အီရန်စစ်ပွဲ ဆန့်ကျင်ရေးနှင့်စပ်လျဉ်း၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

အမေရိကန်ပြည်ထောင်စု လွှတ်တော် အဆောက်အအုံ၌  မတ်လ ၄ ရက်တွင် ကျင်းပသည့် အထက်လွှတ်တော်ကြားနာပွဲ တစ်ခုအတွင်း  အီရန်စစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြသူတစ်ဦးနှင့်  အထက်လွှတ်တော် အမတ်တစ်ဦးနှင့်  ရဲတပ်ဖွဲ့ဝင်တို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင်    မြောက်ကာရိုလိုင်းနားပြည်နယ်  အထက်လွှတ်တော်အမတ်လောင်းနှင့် အမေရိကန်မရိန်းတပ်ဖွဲ့ဝင် ဟောင်းတစ်ဦးဖြစ်သူ ဘရိုင်ယန်မက်ဂင်း နစ်သည် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့မှ အဖွဲ့ဝင်များ လာရောက်ထွက်ဆိုသည့် အထက် လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ဆပ်ကော်မတီကြားနာပွဲ    ကျင်းပနေစဉ်အတွင်း  ကြွေးကြော်သံများအော်ဟစ်၍ ဆန္ဒပြခဲ့ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခြင်း ဖြစ်သည်။

ယင်းနောက်တွင် လွှတ်တော်အဆောက်အအုံရှိ   ရဲအရာရှိသုံးဦးနှင့်  အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ တင်ရှီးဟီးတို့က မက်ဂင်းနစ်ကို ကြားနာပွဲကျင်းပနေသည့်အခန်း၏ပြင်ပသို့    ခေါ်ထုတ်ရန်ကြိုးပမ်းစဉ် မက်ဂင်းနစ်က   အစ္စရေးနိုင်ငံအတွက် မည်သည့်အမေရိကန်နိုင်ငံသားမျှတိုက်ပွဲမဝင်လိုကြောင်း  အော်ဟစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

သို့သော် မက်ဂင်းနစ်သည် ၎င်းအား အခန်းအတွင်းမှခေါ်ထုတ်ရန် ကြိုးပမ်းသည့်  ရဲအရာရှိများကို အကြမ်းဖက်ခုခံတွန်းလှန် ခဲ့ခြင်းကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။ ထို့ပြင်  မက်ဂင်းနစ်သည် ရဲအရာရှိများကို ကိုယ်ထိ လက်ရောက် ကျူးလွန်မှုသုံးမှုအပြင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကိုခုခံခြင်း၊ လူစုလူဝေးဖြစ်ပေါ်စေခြင်း၊ နှောင့်ယှက်ခြင်းနှင့် တရားမဝင် ဆန္ဒပြမှုနှင့်  အဟန့်အတား ဖြစ်စေခြင်းစသည့်  စွဲချက်သုံးမှုတို့နှင့်ရင်ဆိုင်နေရကြောင်း   ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: RT

MWD