ယူကရိန်း၏ ရေနံပိတ်ဆို့မှုကို တုံ့ပြန်သည့်အနေဖြင့် EU ၏ ဆုံးဖြတ်ချက်တိုင်းကို ပိတ်ပင်မည်ဟု ဟန်ဂေရီ သတိပေး

News Image

  • ယူကရိန်း၏ ရေနံပိတ်ဆို့မှုကို တုံ့ပြန်သည့်အနေဖြင့် EU ၏ ဆုံးဖြတ်ချက်တိုင်းကို ပိတ်ပင်မည်ဟု ဟန်ဂေရီ သတိပေး

ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံမှလာသော Druzhba ရေနံပိုက်လိုင်း စီးဆင်းမှုကို ပိတ်ဆို့ထားခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းအတွက် အရေးပါသော EU ၏ ဆုံးဖြတ်ချက်မှန်သမျှကို ဟန်ဂေရီနိုင်ငံက ဗီတို အာဏာသုံး၍ တားဆီးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orban) က ပြင်းထန်စွာ သတိပေးလိုက်သည်။ အဆိုပါ ရေနံပိုက်လိုင်းသည် ရုရှား၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည်ဟု ယူကရိန်း ဘက်က အကြောင်းပြသော်လည်း ဟန်ဂေရီနှင့် စလိုဗက်ကီးယားတို့ကမူ ၎င်းမှာ နိုင်ငံရေးအရ တမင်သက်သက် ဖြတ်တောက်ခြင်းသာ ဖြစ်သည် ဟု စွပ်စွဲထားကြသည်။

ဝန်ကြီးချုပ် အော်ဘန်က ယူကရိန်းသည် ရုရှားစွမ်းအင်များ EU သို့ မရောက်ရှိစေရန် ဖျက်လိုဖျက်ဆီးလုပ်ဆောင်နေကြောင်းစွပ်စွဲခဲ့ပြီး ဟန်ဂေရီ နိုင်ငံအတွင်းရှိ စွမ်းအင်အခြေခံအဆောက်အအုံများကို စောင့်ကြပ်ရန်အတွက် စစ်တပ်ကို နေရာ ၇၅ ခုတွင် ချထားခဲ့သည်။ ထို့အပြင် ဂြိုဟ်တုပုံရိပ်များအရ ပိုက်လိုင်းမှာပျက်စီးခြင်းမရှိဘဲ ကောင်းမွန်စွာ အလုပ်လုပ်နေသည်ကိုတွေ့ရသဖြင့် ယူကရိန်းအနေဖြင့် နိုင်ငံတကာစစ်ဆေးရေးမှူးများကို ဝင်ရောက်စစ်ဆေးခွင့်ပြုရန် ၎င်းက တောင်းဆိုထားသည်။ သို့သော်လည်း ယူကရိန်း ဘက်ကမူ အဆိုပါ စစ်ဆေးရေးအဖွဲ့ လာရောက်မည့် အစီအစဉ်ကို ငြင်းပယ်ထားကြောင်း သိရှိရသည်။

အဆိုပါတင်းမာမှုများကြောင့် ဟန်ဂေရီသည် ယူကရိန်းအတွက် ပေးအပ်မည့် ယူရို ၉၀ ဘီလီယံ အရေးပေါ်ချေးငွေနှင့် ရုရှားအပေါ်ချမှတ်မည့် ၂၀ ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုများကို ဗီတိုအာဏာသုံး၍ ပိတ်ပင်ထားပြီးဖြစ်သည်။ တစ်ဖက်တွင်လည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ၎င်းတို့ အနေဖြင့် စွမ်းအင်ထောက်ပံ့မှု ကတိကဝတ်များကို အမြဲဖြည့်ဆည်းပေးရန် အဆင်သင့်ရှိကြောင်း ကရင်မလင်နန်းတော်တွင် ဟန်ဂေရီ နိုင်ငံခြားရေး ဝန်ကြီးနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ အဆိုပါအခြေအနေသည် EU အတွင်း ယူကရိန်းအား ကူညီရေးနှင့် ရုရှားအပေါ် စွမ်းအင်မှီခိုမှုလျှော့ချရေးဆိုင်ရာမူဝါဒများအပေါ် ကြီးမားသောစိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂