အရှေ့အလယ်ပိုင်းဒေသ၏ ဆိုးရွားလာနေသော အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မိဟု ရုရှားပြော
အရှေ့အလယ်ပိုင်းဒေသ၏ ဆိုးရွားလာနေသော အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မိကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လ ၅ ရက်တွင် ထုတ်ပြန်သည်။
အီရန်နိုင်ငံအပေါ် စစ်ဆင်ရေးဆင်နွှဲနေသည့် အမေရိကန်နှင့် အစ္စရေးတို့သည် ၎င်းတို့၏တိုက်ခိုက်မှုများကို ရပ်တန့်မည့် အရိပ်အယောင်မျိုး မတွေ့ရကြောင်း ရုရှားဝန်ကြီးဌာနကထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ယခုလုပ်ဆောင်လျက်ရှိသည့် စစ်ဆင်ရေးကို လုပ်ကြံဖန်တီးထားသော အကြောင်းပြချက်ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်ဟု ရုရှားက ဆက်လက်ပြောကြားထားသည်။
ထို့အတူ အစ္စလာမ်ကမ္ဘာအတွင်း သွေးကွဲစေရန်နှင့် အီရန်နိုင်ငံကို လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်လာစေရန်အတွက် အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့က ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်လျက်ရှိကြောင်း၊ ထိုသို့လှုံ့ဆော်မှုကြောင့် အာရပ်နိုင်ငံအချို့ရှိ အဆောက်အအုံများတွင် လူသေဆုံးမှုနှင့်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း ရုရှားဝန်ကြီးဌာနက ပြောကြားသည်။
ထိုသို့သောလုပ်ရပ်များသည် အာရပ်နိုင်ငံများကို ပြင်ပအကျိုးစီးပွားအတွက် အသုံးချမည့် စစ်ပွဲအတွင်းသို့ဆွဲသွင်းရန်နှင့် ပါလက်စတိုင်းပြည်သူတို့ ရင်ဆိုင်နေရသော ကပ်ဘေးဆိုက်နေသည့်ဒုက္ခများအပေါ် အာရုံလွှဲရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပင်လယ်ကွေ့ဒေသရှိ အာရပ်နိုင်ငံများ၏ နယ်မြေများအပေါ် တိုက်ခိုက်မှုများ အပါအဝင် ရန်လိုသည့် လုပ်ရပ်များအားလုံးကို ချက်ချင်းရပ်တန့်ရန် ရုရှားက သက်ဆိုင်ရာနိုင်ငံများကို တိုက်တွန်းထားကြောင်း သိရသည်။
Ref: Xinhua
MWD
