အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးလှုပ်ရှားမှုကို စပိန်ဝန်ကြီးချုပ် ပြင်းထန်စွာ ဝေဖန်ရှုတ်ချ
အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းလုပ်ဆောင်နေသည့် အီရန်အပေါ် စစ်မက်ပြုမှုများနှင့်ပတ်သက်၍ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် က ပြင်းထန်စွာဝေဖန်ရှုတ်ချလိုက်ပြီး ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများတွင် စပိန်နိုင်ငံအနေဖြင့် ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း အတိအလင်း ကြေညာခဲ့သည်။
စပိန်နိုင်ငံအတွင်းရှိ စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ပေးရန် ဝါရှင်တန်၏ တောင်းဆိုချက်ကိုငြင်းဆန်ခဲ့ခြင်းကြောင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က စပိန်နှင့် ကုန်သွယ်မှုအားလုံးရပ်ဆိုင်းမည်ဟု ခြိမ်းခြောက်ထားသော်လည်း ဝန်ကြီးချုပ် ဆန်းချက်ဇ်က မတုန်လှုပ်ဘဲ ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
ဗုဒ္ဓဟူးနေ့ (မတ် ၄) က ပြောကြားခဲ့သည့်ရုပ်သံမိန့်ခွန်းတွင် ဝန်ကြီးချုပ်က စပိန်၏ ပြတ်သားသောရပ်တည်ချက်မှာ “စစ်ကို အလိုမရှိ” ဟူသော မူဝါဒပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ယခုကဲ့သို့သော စစ်ရေးတင်းမာမှုများသည် လူသားမျိုးနွယ်အတွက် ကြီးမားသော ဘေးဒုက္ခများ ဆီသို့ ဦးတည်သွားနိုင်ကြောင်းနှင့် သန်းပေါင်းများစွာသောပြည်သူတို့၏ ကံကြမ္မာကိုစတေး၍ မရေရာသောစစ်ပွဲကစားပွဲများ မပြုလုပ်သင့်ကြောင်း သတိပေးပြောဆိုခဲ့သည်။
အမေရိကန်၏ စီးပွားရေးအရလက်တုံ့ပြန်မည့် ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍လည်း ဝန်ကြီးချုပ်က “တစ်စုံတစ်ဦး၏လက်တုံ့ပြန်မှုကို ကြောက်ရွံ့ ရုံဖြင့် ကမ္ဘာကြီးကို ဆိုးကျိုးဖြစ်စေမည့်ကိစ္စရပ်များတွင် မိမိတို့နိုင်ငံအနေဖြင့် ကြံရာပါအဖြစ် ခံမည်မဟုတ်” ဟု တိုက်ရိုက်တုံ့ပြန်ခဲ့သည်။
ဝေဖန်မှုများတွင် ဝန်ကြီးချုပ် ဆန်းချက်ဇ်က အမည်တပ်ခြင်းမရှိသော်လည်း သမ္မတ ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ကို ရည်ညွှန်း၍ ခေါင်းဆောင်အချို့သည် ၎င်းတို့၏ အုပ်ချုပ်ရေးကျရှုံးမှုများကို ဖုံးကွယ်ရန်နှင့် အကျိုးစီးပွားအုပ်စုတစ်စုအတွက် စစ်ပွဲကိုအသုံးချ နေခြင်းမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။
ထို့အပြင် ဝါရှင်တန်၏ သြဇာကို မဆင်မခြင်လိုက်ပါနေကြသည့် ဥရောပသမဂ္ဂ (EU) မဟာမိတ်နိုင်ငံများကိုလည်းဝေဖန်ခဲ့ပြီး ကိုယ်ပိုင် ရပ်တည်ချက်မရှိဘဲ သူတစ်ပါးနောက်လိုက်ခြင်းမှာ ခေါင်းဆောင်မှုအရည်အသွေးမဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
