စပိန်နိုင်ငံနှင့် ကုန်သွယ်မှုအားလုံးကို ဖြတ်တောက်မည်ဟု ထရမ့် ပြောကြား
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စပိန်နိုင်ငံရှိ ပူးတွဲ စစ်အခြေစိုက်စခန်းများကို အီရန်အား တိုက်ခိုက်ရာတွင် အသုံးပြုခွင့်ပေးရန် ငြင်းဆိုခဲ့သည့်အတွက် စပိန်နှင့် ကုန်သွယ်မှုအားလုံးကိုဖြတ်တောက်မည်ဟု ကြေညာလိုက်သဖြင့် နှစ်နိုင်ငံအကြား တင်းမာမှုများ အထူးမြင့်တက် နေသည်။
စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က အမေရိကန်၏ ‘Operation Epic Fury’ စစ်ဆင်ရေးကို “မတရားသော၊ အန္တရာယ်ရှိသော စစ်ရေးအရ ကြားဝင်စွက်ဖက်မှု” ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး နိုင်ငံတကာ ဥပဒေနှင့်မညီကြောင်း တုံ့ပြန်ခဲ့သည်။ သို့သော်လည်း သမ္မတထရမ့်က စပိန်၏ တားမြစ်ချက်ကို ဂရုမစိုက်ဘဲ အမေရိကန်အနေဖြင့် အလိုရှိပါက အဆိုပါ အခြေစိုက်စခန်းများကို အချိန်မရွေး ဝင်ရောက်အသုံးပြုနိုင်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
သမိုင်းတစ်လျှောက်တွင် စပိန်ရှိ Rota ရေတပ်စခန်း နှင့် Moron လေတပ် စခန်း တို့သည် အာဖဂန်နစ္စတန်၊ အီရတ်နှင့် လစ်ဗျားစစ်ပွဲများတွင် အမေရိကန်အတွက် အဓိကကျသော ထောက်ပံ့ရေးစခန်းများ ဖြစ်ခဲ့သည်။ယခုအခါ စပိန်နိုင်ငံခြားရေးဝန်ကြီးက အဆိုပါစခန်းများကို အီရန်နှင့် ဖြစ်ပွားနေသော ပဋိပက္ခတွင် အသုံးပြုခွင့်လုံးဝပေးမည်မဟုတ်ကြောင်း အတိအလင်း ကြေညာထားသည်။ အဆိုပါအခြေအနေသည် အမေရိကန်၏ ဥရောပမဟာမိတ်များအကြား သဘောထားကွဲလွဲမှုများကိုပါ ဖော်ထုတ်ပြသရာရောက်ခဲ့သည်။
ဥရောပသမဂ္ဂ (EU) အတွင်း၌ စပိန်က ပြင်းပြင်းထန်ထန် ကန့်ကွက်နေချိန်တွင် ယူကေ၊ ပြင်သစ်နှင့် ဂျာမနီတို့ကမူ အကန့်အသတ်ဖြင့် ခုခံကာကွယ်သည့် စစ်ဆင်ရေးများအတွက် အမေရိကန်ကို ပူးပေါင်းဆောင်ရွက်ရန် လမ်းဖွင့်ပေးထားကြသည်။ တစ်ဖက်တွင်လည်း လစ်သူ ယေးနီးယားကဲ့သို့သောနိုင်ငံများက အမေရိကန်၏ စစ်ဆင်ရေးတွင် တိုက်ရိုက်ပါဝင်ရန် အသင့်ရှိကြောင်း ပြောကြားထားသည်။
လက်ရှိတွင် အမေရိကန်၏ ကုန်သွယ်ရေးပိတ်ဆို့မှုသည် မည်သည့်အချိန်တွင် စတင်မည်ကို အတိအကျမသိရသေးသော်လည်း အဆိုပါ အခြေအနေသည် အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော် မဟာမိတ်ဆက်ဆံရေးကို ကြီးမားသော စိန်ခေါ်မှုများ ဖြစ်ပေါ်စေလျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
