အီရန် အပေါ် စီးပွားရေးဖိအားပေး၍ အရှုံးပေးလာစေရန် ထရမ့် ကြိုးပမ်းနေပြီး စစ်ရေးရွေးချယ်ခွင့်များကိုလည်း လမ်းဖွင့်ထား

News Image

  • အီရန် အပေါ် စီးပွားရေးဖိအားပေး၍ အရှုံးပေးလာစေရန် ထရမ့် ကြိုးပမ်းနေပြီး စစ်ရေးရွေးချယ်ခွင့်များကိုလည်း လမ်းဖွင့်ထား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နိုင်ငံအား ၎င်း၏ နျူကလီးယားအစီအစဉ် ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက်အသစ်တွင် ပါဝင်လာ စေရန် စီးပွားရေးအရ အပြင်းအထန် ဖိအားပေးလျက်ရှိပြီး ပင်တဂွန် စစ်ဌာနချုပ် အရာရှိကြီးများနှင့်တွေ့ဆုံကာ နောက်ဆုံးရ စစ်ရေးရွေးချယ်ခွင့်များကို ကြားနာသုံးသပ်သွားရန်ရှိကြောင်း သိရှိရသည်။ 

အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် တပ်မှူးနှင့် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌတို့ ပါဝင်မည်ဖြစ်ပြီး ၎င်းသည် စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးမှုများ နှေးကွေးနေချိန်တွင် သမ္မတအနေဖြင့် စစ်ရေးနည်းလမ်းကိုပါ ရွေးချယ်ခွင့်တစ်ခုအဖြစ် ဆက်လက် ကိုင်စွဲထားသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။

လက်ရှိတွင် ထရမ့်သည် အီရန်နိုင်ငံအား စီးပွားရေးအရ အကျပ်ရိုက်စေရန်ရည်ရွယ်သည့် မဟာဗျူဟာကိုကျင့်သုံးနေပြီး အထူးသဖြင့် အီရန် ဆိပ်ကမ်းများကို အမေရိကန်ရေတပ်က ပိတ်ဆို့ထားမှုကို ဆက်လက် လုပ်ဆောင်ရန် အကြံပေးများကို ညွှန်ကြားထားသည်။ ထို့အပြင် ကမ္ဘာ့ ရေနံသယ်ယူပို့ဆောင်ရေးတွင်အရေးပါသည့် ဟော်မုဇ် ရေလက်ကြားကိုပါ ရေရှည်ပိတ်ဆို့နိုင်ရန် ပြင်ဆင်မှုများပြုလုပ်နေကြောင်း သိရှိရသည်။ သမ္မတထရမ့်က အဆိုပါပိတ်ဆို့မှုသည် အလွန်ထိရောက်သော နည်းလမ်းဖြစ်ကြောင်းနှင့် အီရန်နိုင်ငံအနေဖြင့် မကြာမီ အရှုံးပေးကြောင်း ဝန်ခံလာရမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

သို့သော်လည်း ထရမ့်သည် စစ်ရေးအရပြင်ဆင်မှုများကို ကြားနာသုံးသပ်နေသော်လည်း လက်တွေ့တွင်မူ ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည် စတင် ခြင်းထက် အီရန်နှင့် သဘောတူညီချက်တစ်ခုရရှိရေးကိုသာ ပိုမိုလိုလားနေကြောင်း ၎င်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။ 

လက်ရှိတွင် နှစ်ဖက်အကြား အကန့်အသတ်မရှိ အပစ်အခတ်ရပ်စဲထားသည့် အခြေအနေရှိနေသဖြင့် ထရမ့်အနေဖြင့် အလျင်စလို လုပ်ဆောင်ရန် ဖိအားမရှိဟု ယူဆနေပြီး စီးပွားရေးပိတ်ဆို့မှုများမှတစ်ဆင့် အီရန် အစိုးရကို အပေးအယူလုပ်လာစေရန် စိတ်ရှည်စွာ စောင့်ဆိုင်းမည့် ပုံစံရှိနေကြောင်း သုံးသပ်ရပါသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး