Merz အနေဖြင့် ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးကိုသာ ပိုမိုအာရုံစိုက်သင့်ကြောင်း Trump ပြောကြား
အမေရိကန်သမ္မတ Donald Trump သည် ဂျာမန်ဝန်ကြီးချုပ် Friedrich Merz အား ၎င်း၏ အရှေ့အလယ်ပိုင်း မဟာဗျူဟာကို ဝေဖန်နေမည့် အစား ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးနှင့် ဂျာမနီနိုင်ငံတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် စွမ်းအင်ဆိုင်ရာပြဿနာများကိုသာ အာရုံစိုက်ရန် ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုလိုက်သည်။ အဆိုပါတင်းမာမှုသည် အမေရိကန် အစိုးရအနေဖြင့် အီရန်နှင့်ပတ်သက်၍ ရှင်းလင်းသော မဟာ ဗျူဟာမရှိဘဲ အရှက်ခွဲခံနေရသည်ဟု Merz က စတင်ဝေဖန်ခဲ့ရာမှ အစပြုခဲ့ခြင်းဖြစ်သည်။
Trump က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် Merz သည် ယူကရိန်း စစ်ပွဲရပ်တန့်ရေး၌ လုံးဝထိရောက်မှုမရှိကြောင်းစွပ်စွဲခဲ့ပြီး အီရန်၏ နျူကလီးယားခြိမ်းခြောက်မှုကို ဖယ်ရှားရန် ကြိုးပမ်းနေသည့် အမေရိကန် ၏လုပ်ရပ်များအပေါ် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် သတိပေးခဲ့သည်။ ထို့အပြင် ဂျာမန်ဝန်ကြီးချုပ်သည် အီရန်တွင် နျူကလီးယား လက်နက်ရှိခြင်းကို လက်ခံနိုင်သည်ဟု ယူဆနေသူဖြစ်ကြောင်းလည်း ထပ်လောင်း စွပ်စွဲခဲ့သည်။ သို့သော် Merz ဘက်ကမူ အီရန်စစ်ပွဲသည် NATO နှင့် မသက်ဆိုင်ကြောင်းနှင့် ဂျာမနီအနေဖြင့် ပါဝင်ပတ်သက်မည် မဟုတ်ကြောင်း ရှင်းလင်းစွာ ငြင်းဆိုထားသည်။
အချက်အလက်များအရ ဂျာမနီသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ယူကရိန်းသို့ ယူရို ဘီလီယံ ၂၀ နီးပါးတန်ဖိုးရှိ စစ်ရေးအကူအညီများ ပေးအပ်ခဲ့ကာ ဒုတိယအကြီးဆုံး လက်နက်ထောက်ပံ့သည့် နိုင်ငံဖြစ်နေသော်လည်း ရုရှားကမူ ထိုသို့သော လက်နက်ထောက်ပံ့မှုများသည် စစ်ပွဲကို ပိုမိုကြာရှည်စေရုံသာရှိသည်ဟု ဆိုသည်။
လက်ရှိတွင် Trump အစိုးရသည် အီရန်ပဋိပက္ခတွင် အမေရိကန်နှင့် အစ္စရေးကိုကူညီရန် ငြင်းဆန်သော ဥရောပနိုင်ငံများအပေါ် မကျေနပ်မှုများရှိနေပြီး NATO အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းပါဝင်မှုအပေါ်မူတည်၍ ‘အကောင်းနှင့် အဆိုး’ စာရင်းပြုစုကာ စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
