နေတန်ယာဟုကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရန် အစ္စရေး သမ္မတကို ဒေါ်နယ်ထရမ့် ထပ်မံဖိအားပေး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အဂတိလိုက်စားမှုစွဲချက်များဖြင့် တရားရင်ဆိုင်နေရသော အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ကို အကြွင်းမဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် (Full Pardon) ပေးရန် အစ္စရေး သမ္မတ အိုက်ဇက်ဟာဇော့ဂ်ကို ထပ်မံတိုက်တွန်းလိုက်ကြောင်း Axios သတင်းဌာနက ဖော်ပြခဲ့သည်။
နေတန်ယာဟုသည် ၂၀၁၉ ခုနှစ်ကတည်းက လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုနှင့် ယုံကြည်အပ်နှံမှုကို အလွဲသုံးစားလုပ်မှုစသည့် စွဲချက်များဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သော်လည်း ၎င်းအနေဖြင့် အပြစ်မရှိကြောင်း အစဉ်တစိုက် ငြင်းဆိုလာခဲ့သည်။
သမ္မတထရမ့်က နေတန်ယာဟုသည် စစ်တွင်းကာလ ဝန်ကြီးချုပ်တစ်ဦး ဖြစ်သည့်အတွက် ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်နေသည့် စစ်ပွဲအပေါ် အာရုံစိုက်ရမည့်အစား တရားရုံးတွင် အချိန်ကုန်နေရခြင်းမှာ လက်ခံနိုင်စရာ မရှိကြောင်းနှင့် ယခုအမှုများကြောင့် အစ္စရေးနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် နေတန်ယာဟုကို လွတ်ငြိမ်းခွင့်ပေးရန် ငြင်းဆန်နေသည့် အစ္စရေးသမ္မတ ဟာဇော့ဂ်ကိုလည်း ‘ပျော့ညံ့သူ’ ဟု ဝေဖန်ခဲ့ဖူးပြီး အကယ်၍ လွတ်ငြိမ်းခွင့်ပေးလိုက်ပါက ဟာဇော့ဂ်သည် ‘အမျိုးသားအာဇာနည်’ ဖြစ်လာလိမ့်မည်ဟု ဆိုသည်။
အစ္စရေးသမ္မတ ဟာဇော့ဂ်ကမူ အမှုကျေအေးရေး (Settlement) အတွက် ရှေ့နေများနှင့် ညှိနှိုင်းမှုများပြုလုပ်နေသော်လည်း ထရမ့်ကမူ နေတန်ယာဟု အနေဖြင့် အပြစ်ရှိကြောင်း ဝန်ခံရမည့် မည်သည့်သဘောတူညီချက်ကိုမျှ လက်ခံနိုင်မည်မဟုတ်ဘဲ အလုံးစုံလွတ်ငြိမ်းခွင့်သာ လိုအပ်ကြောင်း အခိုင်အမာ ပြောဆိုထားသည်။
ထရမ့်သည် ၂၀၂၅ ခုနှစ် ဇွန်လအတွင်းကလည်း နေတန်ယာဟုအပေါ် စွဲဆိုထားသည့် အမှုများကို “နိုင်ငံရေးအရ အကွက်ချတိုက်ခိုက်မှု” (Witch Hunt) သာဖြစ်ကြောင်း တရားဝင်စာပေးပို့ကာ ကာကွယ်ပြောဆိုခဲ့သည်။ အဆိုပါ တရားရင်ဆိုင်မှုမှာ ၂၀၂၀ ပြည့်နှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကြန့်ကြာမှုများစွာနှင့်အတူ နောက်ထပ် နှစ်ပေါင်းများစွာ ကြာမြင့်ဦးမည်ဟု ခန့်မှန်းရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
