အရှေ့အလယ်ပိုင်းပဋိပက္ခနှင့်အတူ ရေနံဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အိန္ဒိယ၏ ရုရှားရေနံဝယ်ယူမှုကို အမေရိကန် ခေတ္တ ကင်းလွတ်ခွင့်ပေး
အရှေ့အလယ်ပိုင်းဒေသ၌ ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ အရှိန်အဟုန်ဖြင့်မြင့်တက်လာချိန်တွင် အိန္ဒိယနိုင်ငံအား ရုရှား ရေနံဝယ်ယူမှုဆိုင်ရာပိတ်ဆို့မှုများမှ ခေတ္တကင်းလွတ်ခွင့်ပေးခဲ့ခြင်း၏ အကြောင်းရင်းကို အမေရိကန်အစိုးရ ထိပ်တန်းအရာရှိကြီးများက ရှင်းလင်းပြောကြားခဲ့သည်။
စွမ်းအင်ဝန်ကြီး Chris Wright က တနင်္ဂနွေနေ့ (မတ် ၈) တွင် Fox သတင်းဌာနနှင့် အင်တာဗျူး၌ ပြောကြားရာတွင် အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း ရေနံပြတ်လပ်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို "ထိန်းညှိ (Tamp down) ရန်" အတွက် ပင်လယ်ပြင်တွင် ရောက်ရှိနေသည့် ရုရှား ရေနံများကို အိန္ဒိယရေနံချက်စက်ရုံများသို့ လမ်းကြောင်းပြောင်းပေးပို့ ရန် အမေရိကန်အနေဖြင့် တိုက်တွန်းထားကြောင်း ဆိုသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Mike Waltz ကလည်း NBC သတင်းဌာန၏ ‘Meet the Press’ အစီအစဉ်တွင် ယခုပေးအပ်လိုက်သည့် ရက်ပေါင်း (၃၀) ကြာ ကင်းလွတ်ခွင့်ကာလသည် ပင်လယ်ပြင်ရှိ သင်္ဘောများပေါ်တွင်ပိတ်မိနေသည့် ရေနံစည်သန်းပေါင်းများစွာကို အိန္ဒိယ နိုင်ငံ ရှိ ရေနံချက်စက်ရုံများသို့ ရောက်ရှိနိုင်စေရန် ခွင့်ပြုပေးခြင်းဖြစ်သည်ဟု ရှင်းပြခဲ့သည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent ကလည်း သောကြာနေ့ (မတ် ၆) တွင် အဆိုပါဆုံးဖြတ်ချက်ကို ကြေညာခဲ့ပြီး အီရန် နိုင်ငံ၏ ကမ္ဘာ့စွမ်းအင်လုံခြုံရေးကို ဓားစာခံအဖြစ် အသုံးချရန် ကြိုးပမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ဖိအားများကို လျော့ပါးစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ဘဏ္ဍာရေးဝန်ကြီးက အိန္ဒိယနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးစကားဆိုခဲ့သည်။ "အိန္ဒိယနိုင်ငံဟာ တာဝန်သိသည့် နိုင်ငံတစ်နိုင်ငံ ပါ၊ ကျွန်တော်တို့က ဒီနှစ်ဆောင်းဦးမှာ ရုရှားရေနံဝယ်ယူမှုကို ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့တဲ့အခါ သူတို့လိုက်နာခဲ့ပါတယ် ၊ သူတို့က ရုရှားရေနံ နေရာမှာ အမေရိကန်ရေနံကို အစားထိုးသုံးစွဲဖို့ စီစဉ်ထားခဲ့တာပါ ၊ ဒါပေမဲ့ ကမ္ဘာ့ရေနံဈေးကွက်မှာ ကြုံတွေ့နေရတဲ့ ယာယီကွာဟချက်ကို ဖြေရှင်းရန် အတွက် ရုရှားရေနံကို ဆက်လက်လက်ခံခွင့်ပြုလိုက်တာဖြစ်ပါတယ်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ၎င်းကပင် ဆက်လက်၍ အခြေအနေအရလိုအပ်ပါက အခြားသော ရုရှားရေနံတင်ပို့မှုဆိုင်ရာ ပိတ်ဆို့မှုများကိုလည်း ဖြေလျှော့ပေးသွားဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ၏ ရုရှားရေနံဝယ်ယူမှုဆိုင်ရာ ကင်းလွတ်ခွင့်ပေးမှုနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံက ၎င်းတို့အနေဖြင့် ရေနံဝယ်ယူရန် မည်သူ့ထံမှခွင့်ပြုချက်ယူရန်မလိုကြောင်း အခိုင်အမာ ပြောကြားလိုက်သည်။ အိန္ဒိယအစိုးရအနေဖြင့် ရေနံတင်သွင်းမှုအတွက် ရေတိုကင်းလွတ်ခွင့်ကို မှီခိုနေမည်မဟုတ်သကဲ့သို့ ရုရှား စွမ်းအင်ကိုစွန့်လွှတ်စေရန် အမေရိကန်၏ ယခင်ကြိုးပမ်းမှုများကြောင့်လည်း ထိခိုက်မှုမရှိကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
"အိန္ဒိယနိုင်ငံဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ရုရှားရေနံကို ဆက်လက် တင်သွင်းနေဆဲဖြစ်ပြီး ရုရှားဟာ အိန္ဒိယရဲ့ အကြီးဆုံးရေနံစိမ်း တင်သွင်းသူ အဖြစ် ရှိနေဆဲဖြစ်ပါတယ်" ဟု အိန္ဒိယအစိုးရ၏ သတင်းပြန်ကြားရေး ဗျူရို (Press Information Bureau) ကို ကိုးကား၍ NDTV သတင်း ဌာန က ဖော်ပြခဲ့သည်။
၂၀၂၂ ခုနှစ်မှစတင်၍ အိန္ဒိယသည် ရုရှားထံမှ ရေနံဝယ်ယူမှုများကို တိုးမြှင့်ခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် အမေရိကန်က ရုရှား၏ အကြီးဆုံးရေနံတင်ပို့သူများဖြစ်သည့် Rosneft နှင့် Lukoil တို့ကို ပိတ်ဆို့မှုများမချမှတ်မီအချိန်အထိ အိန္ဒိယ၏ လစဉ် ရုရှားရေနံစိမ်း တင်သွင်းမှုသည် တစ်ရက်လျှင် စည်ပေါင်း ၁.၈၈ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့ဖူးသည်။
Kpler ၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း အိန္ဒိယ၏ ရုရှားရေနံတင်သွင်းမှုသည် တစ်ရက်လျှင် စည်ပေါင်း ၁.၁၂ သန်းမှ ၁.၁၆ သန်းအထိ ရှိခဲ့သည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း ရုရှားသည် အိန္ဒိယ၏ ထိပ်တန်း ရေနံတင်သွင်းသူအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
