တရုတ်နိုင်ငံသည် လူ့အခွင့်အရေးအဖွဲ့များ၏ ပြင်းထန်စွာ ဝေဖန်မှုများရှိနေသည့် "လူမျိုးစုစည်းလုံးညီညွတ်ရေး" ဥပဒေကို အတည်ပြုရန် ပြင်ဆင်နေ

News Image

  • တရုတ်နိုင်ငံသည် လူ့အခွင့်အရေးအဖွဲ့များ၏ ပြင်းထန်စွာ ဝေဖန်မှုများရှိနေသည့် "လူမျိုးစုစည်းလုံးညီညွတ်ရေး" ဥပဒေကို အတည်ပြုရန် ပြင်ဆင်နေ

တရုတ်နိုင်ငံသည် လူ့အခွင့်အရေးထိန်းသိမ်းစောင့်ရှောက်သူများက လူနည်းစုများအား ပိုမိုဖယ်ကြဉ်ခံရစေနိုင်သည်ဟု သတိပေးထားသည့် "လူမျိုးစု စည်းလုံးညီညွတ်ရေး" ဥပဒေကို ကြာသပတေးနေ့ (မတ် ၁၂) တွင် အတည်ပြုရန် စီစဉ်ထားသည်။

အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အားဖြင့် အတည်ပြုပြဋ္ဌာန်းဖွယ်ရှိသည့် အဆိုပါဥပဒေမူကြမ်းတွင် မန်ဒရင်းဘာသာစကားအား ပညာရေး၊ အစိုးရလုပ်ငန်းစဉ်များနှင့် လူထုသွားလာလှုပ်ရှားရာနေရာများတွင် "အမျိုးသားသုံး ဘုံဘာသာစကား" အဖြစ်မြှင့်တင်ရန် မူဝါဒများကို တရားဝင်သတ်မှတ်ပြဋ္ဌာန်းသွားမည်ဖြစ်သည်။

တရုတ်အစိုးရသည် ၎င်းတို့၏ ကျယ်ပြန့်သောနိုင်ငံတော်အတွင်း ဟန်လူမျိုးအများစုနှင့် ရောယှက်ပေါင်းစပ်သွားစေရန် အတင်းအကျပ် ဆောင်ရွက်သည့် မူဝါဒများကို ကျင့်သုံးနေသည်ဟု ဆယ်စုနှစ်များစွာကြာ ဝေဖန်ခံလာခဲ့ရသည်။ ယခုအသစ်ထွက်ရှိလာသည့် "လူမျိုးစုစည်းလုံးညီညွတ်ရေး" ဥပဒေသည် လူမှုရေးဆိုင်ရာစည်းလုံးညီညွတ်မှုကို အဓိကထား၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး "အကြမ်းဖက်လုပ်ရပ်များ၊ လူမျိုးရေးခွဲထွက်ရေးလုပ်ရပ်များ သို့မဟုတ် ဘာသာရေးအစွန်းရောက်လုပ်ဆောင်မှုများ" တွင် ပါဝင်ပတ်သက်သူများကို ပြစ်မှုကျူးလွန်သူများအဖြစ် သတ်မှတ်အရေးယူသွားမည်ဖြစ်သည်။

တရုတ်အစိုးရ၏ အဆိုပါဥပဒေမူကြမ်းသည် နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် မကြုံစဖူး လူမှုရေးပြောင်းလဲမှုများကြားတွင် "စည်းလုံးညီညွတ်မှု ကို ခိုင်မာစေရန်" ရည်ရွယ်ကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံတွင် ဘာသာစကားနှင့် ဒေသိယစကား ရာပေါင်းများစွာကို ပြောဆိုကြသည့် လူမျိုးစုငယ် (၅၅) မျိုးကို တရားဝင် အသိအမှတ်ပြုထားသည်။ ယခင်ကတည်းက တရုတ်အစိုးရသည် တိဘက်နှင့် အတွင်းမွန်ဂိုလီးယား ကဲ့သို့သော လူမျိုးစုငယ်များ အများအပြားနေထိုင်သည့်ဒေသများတွင် မန်ဒရင်းဘာသာစကားကို ပညာရေးဆိုင်ရာ သင်ကြားမှုဘာသာစကား အဖြစ် အသုံးပြုရန် မူဝါဒများ ချမှတ်ထားပြီးဖြစ်သည်။

Human Rights Watch မှ တရုတ်နိုင်ငံဆိုင်ရာ သုတေသီ Yalkun Uluyol က ယခုဥပဒေအသစ်သည် လူနည်းစုများ၏ ကိုယ်ပိုင်ဘာသာစကားကို အသုံးပြုခွင့်ရှိစေရန် အာမခံချက်ပေးခဲ့သည့် တိန်ရှောင်ဖိန်ခေတ်မူဝါဒမှ "သိသာထင်ရှားစွာ သွေဖည်သွားခြင်း" ဖြစ်ကြောင်း သုံးသပ်ထားသည်။

အဆိုပါဥပဒေအရ ပညာရေးဆိုင်ရာအဖွဲ့အစည်းများသည် မန်ဒရင်း ဘာသာစကားကို အဓိကသင်ကြားရေးဘာသာစကားအဖြစ် အသုံးပြုရန် လိုအပ်မည်ဖြစ်သည်။ မသင်မနေရပညာရေးစနစ်ကို ပြီးဆုံးချိန်တွင် ဆယ်ကျော်သက်များသည် မန်ဒရင်းဘာသာစကားကို "အခြေခံ ကျွမ်းကျင်စွာ" တတ်မြောက်ထားရန် လိုအပ်မည်ဖြစ်သည်။ ဥပဒေတွင် လူမျိုးစုဘာသာစကားများကို အတိအလင်းဖော်ပြထားခြင်း မရှိသော် လည်း ဝီဂါ၊ မွန်ဂိုနှင့် တိဘက်ဘာသာစကား ပြောဆိုသူများအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း ခန့်မှန်းရသည်။

PEN America မှ Erika Nguyen က "ကလေးငယ်များ မိခင် ဘာသာစကားကို သင်ယူလေ့လာနိုင်သည့်နေရာများကို ဥပဒေက ပစ်မှတ်ထားခြင်း မှာ မတော်တဆဖြစ်ရပ်မျိုး မဟုတ်ပါ" ဟု ဆိုသည်။ "ယင်းရည်ရွယ်ချက်မှာ ကလေးငယ်များ၏ အထောက်အထား၊ သမိုင်းနှင့် ယဉ်ကျေးမှုတို့နှင့် ဆက်သွယ်မှုကို ဖြတ်တောက်ရန်ဖြစ်သည်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

PEN နှင့် တောင်ပိုင်းမွန်ဂိုလီးယား လူ့အခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်စင်တာ (SMHRIC) တို့၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုတွင် တရုတ်နိုင်ငံရှိ မွန်ဂိုဘာသာစကားသုံး ဝဘ်ဆိုက်ပေါင်း ၈၀ ရာခိုင်နှုန်းကျော် ကို "ဆင်ဆာဖြတ်တောက်ခြင်း သို့မဟုတ် ပိတ်ပင်ခြင်း" ပြုလုပ်ထားကြောင်း ဖော်ပြထားသည်။

SMHRIC ၏ ဒါရိုက်တာ Enghebatu Togochog က အများပြည်သူဆိုင်ရာ လုပ်ငန်းများတွင် မန်ဒရင်းဘာသာစကား ကျွမ်းကျင်ရန် လိုအပ်ချက် သည် မွန်ဂိုဘာသာစကားပြောဆိုသူများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာတိုးတက်မှုကို ဟန့်တားနိုင်ကြောင်း သတိပေးခဲ့သည်။ "တရုတ် ဘာသာစကား ကျွမ်းကျင်မှုသည် အလုပ်အကိုင်ရရှိရေးနှင့် တိုးတက်မှုအတွက် တံခါးစောင့်သဖွယ်ဖြစ်လာသည့်အတွက် စီးပွားရေးအရ မွန်ဂို လူမျိုးများ ပိုမိုဖယ်ကြဉ်ခံလာရသည်" ဟု ၎င်းက ပြောသည်။

ထို့ပြင် အဆိုပါဥပဒေသည် တရုတ်နိုင်ငံ နယ်နိမိတ်ပြင်ပတွင်လည်း အကျုံးဝင်ကြောင်း ဖော်ပြထားသည်။ ပြည်ပရောက် တရုတ်လူမျိုးစုများနှင့် "ဆက်ဆံရေးကို ခိုင်မာစေရန်" ရည်ရွယ်သည်ဟု ဆိုသော်လည်း တရုတ်နိုင်ငံပြင်ပတွင် လူမျိုးစုစည်းလုံးညီညွတ်မှုကို ထိခိုက်စေသည့် လုပ်ဆောင်ချက်များ သို့မဟုတ် လူမျိုးရေးခွဲထွက်ရေးကို လှုံ့ဆော်သူများကို တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂