အီရန်ပဋိပက္ခတွင် တစ်စိတ်တစ်ဒေသပါဝင်လာစေရန် တွန်းအားပေးခံလာရသည့် တူကီယဲ

News Image

  • အီရန်ပဋိပက္ခတွင် တစ်စိတ်တစ်ဒေသပါဝင်လာစေရန် တွန်းအားပေးခံလာရသည့် တူကီယဲ

အင်အားကြီးနိုင်ငံများကြားတွင် ဟန်ချက်ညီအောင်   အစဉ်တစိုက်ကြိုးပမ်းလေ့ရှိသည့် တူကီယဲနိုင်ငံသည် ယခုအခါ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်းသို့ မဖြစ်မနေ ဆွဲသွင်းခံနေရပြီး ဘက်တစ်ခုခုကိုရွေးချယ်ရန် ဖိအားပေးခံနေရပြီဟု ကျွမ်းကျင်သူများက  ယူဆ လျက်ရှိသည်ကိုတွေ့ရသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ အီရန်နိုင်ငံမှပစ်လွှတ်လိုက်သည်ဟု ယူဆရပြီး တူကီယဲ လေပိုင်နက်အတွင်းသို့       ကျူးကျော် ဝင်ရောက်လာသည့် ပဲ့ထိန်းဒုံးကျည်များကို နေတိုးအဖွဲ့၏ လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးတပ်ဖွဲ့များက     နှစ်ကြိမ်တိုင်တိုင် ကြားဖြတ်ဟန့်တား၍ ဖျက်ဆီးနိုင်ခဲ့သည်။ တူကီယဲနိုင်ငံအတွင်းသို့ ပထမအကြိမ်ဝင်ရောက်လာသည့် ဒုံးကျည်ကို မတ်လ ၄ ရက်နေ့တွင်   နေတိုးအဖွဲ့က ဟန့်တားခဲ့ခြင်းဖြစ်ပြီး  ဒုတိယအကြိမ်မြောက် ဒုံးကျည်ကို မတ်လ ၉ ရက်နေ့တွင်  မြေထဲပင်လယ် အရှေ့ပိုင်း၌ ကြားဖြတ်ဟန့်တားခဲ့ခြင်းဖြစ်သည်။ သို့သော်အဆိုပါ ဖြစ်စဉ်များအတွင်း    ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေ။

စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်မှာ တူကီယဲပိုင်နက်အတွင်းသို့ ဝင်ရောက်လာသည့်     အဆိုပါ ဒုံးကျည်များသည် ဆီးရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များ၊ မြေထဲပင်လယ်အရှေ့ပိုင်းရှိ အမေရိကန်စစ်သင်္ဘော သို့မဟုတ် ဆိုက်ပရပ်စ်နိုင်ငံရှိ ဗြိတိသျှ  စစ်အခြေစိုက်စခန်းများကိုသာ ပစ်မှတ်ထားခြင်း       ပိုမိုဖြစ်နိုင်သည်ဟု တူကီယဲသတင်းစာကြီးတစ်စောင်ဖြစ်သည့်  Cumhuriyet က ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်များ  ဖြစ်ပွားပြီးနောက်တွင် တူကီယဲအစိုးရသည်   မြောက်ပိုင်းဆိုက်ပရပ်စ်ဒေသတွင် F-16 အမျိုးအစား တိုက်လေယာဉ် ခြောက်စင်းနှင့် လေကြောင်းကာကွယ်ရေးစနစ်များကို ဖြန့်ချထားလိုက်သည်။

တူကီယဲနိုင်ငံသည်   နေတိုးအဖွဲ့ဝင် တစ်နိုင်ငံဖြစ်ပြီး ဒေသတွင်းရှိ အီရန်နိုင်ငံနှင့်လည်း  ကုန်သွယ်ဖက်နိုင်ငံဖြစ်ခြင်းကြောင့် လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲတွင်မည်သည့် ဘက်မှမပါဘဲ      ကြားနေရန်ကြိုးပမ်းလျက်ရှိသည်။   သို့သော်လည်း နိုင်ငံ၏ပိုင်နက် အတွင်းသို့   ဒုံးကျည်များ ဝင်ရောက်လာခြင်းကြောင့် လုံခြုံရေးအရ စစ်ရေးပြင်ဆင်မှုများကို တိုးမြှင့်လာရခြင်းဖြစ်သည်။

အီရန်စစ်ပွဲ  ပိုမိုပြင်းထန်လာခြင်းနှင့်စပ်လျဉ်း၍ တူကီယဲနိုင်ငံက စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။ အရှေ့အလယ်ပိုင်းဒေသတွင် အီရန်စစ်ပွဲ ပိုမိုဆိုးရွားလာခြင်းသည် တူကီယဲနိုင်ငံ၏ စီးပွားရေးကို ထိခိုက်လာနိုင်မည်ကို တူကီယဲအစိုးရကစိုးရိမ်နေသည်။ ထိုသို့ဖြစ်လာပါက   ၎င်းတို့၏ငွေကြေး ဖောင်းပွမှုနှုန်း    ပိုမိုမြင့်တက်လာစေနိုင်သည့်အပြင် စွမ်းအင်ထောက်ပံ့မှုကွင်းဆက်များတွင် အခက်အခဲများ ဖြစ်ပေါ်စေပြီး ခရီးသွားလုပ်ငန်းကိုလည်း နှေးကွေးသွားစေနိုင်သောကြောင့်ဖြစ်သည်။

ထို့ပြင် အန်ကာရာ တူကီယဲအစိုးရသည် အရှေ့အလယ်ပိုင်းဒေသရှိ ခန့်မှန်းရခက်သော နိုင်ငံရေးအပြောင်းအလဲများအတွက်လည်း စိုးရိမ်နေပြီး    ဒေသတွင်းရှိ ကာ့ဒ်လက်နက်ကိုင် အဖွဲ့များနှင့် တင်းမာမှုများ တစ်ကျော့ပြန်ဖြစ်လာမည်ကို မလိုလားပေ။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်မှကြည့်လျှင်လည်း တူကီယဲနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် ဒုံးကျည်များဖြင့် တိုက်ခိုက် ခံနေရခြင်းကြောင့် ၂၀၁၅ ခုနှစ်တွင် ကြုံတွေ့ခဲ့ရသကဲ့သို့ နိုင်ငံအတွင်းသို့ ဒုက္ခသည်များ အလုံးအရင်းနှင့် ထပ်မံဝင်ရောက်လာမည်ကို တူကီယဲအစိုးရက စိုးရိမ်လျက်ရှိနေသည်။

ထိုသို့သော အကြောင်းရင်းများကြောင့် မြင့်တက်လာသည့်   အရှေ့အလယ်ပိုင်း ပဋိပက္ခတွင်   တူကီယဲနိုင်ငံသည် ပါဝင်ပတ်သက်မှုမရှိဘဲ ခပ်ကင်းကင်းသာနေခဲ့ခြင်း ဖြစ်သည်။ အစဉ်အလာအရ အင်အားစုနှစ်ရပ်ကြားခွထိုင်ကာ ဟန်ချက်ညီအောင် ကြိုးပမ်းလေ့ရှိသည့် တူကီယဲအစိုးရသည် မည်သည့်အင်အားစုဘက်မှ   မလိုက်ဘဲ ကြားနေခြင်းကိုသာ    ရွေးချယ်ခြင်းဖြစ်သည်။

ထို့ပြင် တူကီယဲနိုင်ငံသည် ယခုဖြစ်ပွားနေသည့်ဖြစ်စဉ်များကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏    ရန်စမှုဟု ခေါ်ဆိုခဲ့ပြီး အဆိုပါတိုက်ခိုက်မှုများနှင့်   စပ်လျဉ်း၍ အလွန်အမင်း   ဝမ်းနည်းစိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် တူကီယဲအစိုးရသည် တစ်ဖက်တွင်မူ အမေရိကန်သမ္မတ    ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးခဲ့သလို အခြားတစ်ဖက်တွင်လည်း  အီရန်သမ္မတနှင့် ဆွေးနွေးမှုများပြုလုပ်၍ ၎င်းတို့၏ကြားနေမှုကို အထင်အရှားပြသခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

ထိုသို့သော   အခြေအနေမျိုးတွင် တူကီယဲပိုင်နက်အတွင်းသို့  ဒုံးကျည်များဝင်ရောက်လာခြင်းသည် တူကီယဲအစိုးရအား ၎င်းတို့၏ ရပ်တည်ချက်ကို ပြောင်းလဲလာစေရန် ဖိအားပေးလာခဲ့ပြီဖြစ်သည်။ 

ထို့ပြင် လက်ရှိအီရန်အစိုးရသည် နိုင်ငံအတွင်းအခြေအနေအရပ်ရပ်ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ စွမ်းဆောင်ရည်အားနည်းသည့် အစိုးရတစ်ရပ်အဖြစ် ထွက်ပေါ်လာမည်ဆိုပါက ကာ့ဒ်လက်နက်ကိုင်အဖွဲ့သည် တူကီယဲနိုင်ငံအား   ကြီးကြီးမားမား ခြိမ်းခြောက် လာနိုင်မည့် အလားအလာရှိနေသည်။ ထို့ကြောင့် တူကီယဲအစိုးရအနေဖြင့် ထိုသို့သောအခြေအနေကို ရှောင်လွှဲနိုင်ရေးအတွက် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခတွင် တစ်စိတ်တစ်ဒေသ ပါဝင်လာစေရန် တွန်းအားပေးခြင်း ခံနေရသည်ဟု အမေရိကန်ဒီမိုကရေစီ   ကာကွယ်ရေး ဖောင်ဒေးရှင်းမှ ကျွမ်းကျင်သူများဖြစ်သည့် ဆီနန်ဆစ်ဒီနှင့် ဝီလီယံဒိုရန်တို့က သုံးသပ်ဖော်ပြထားကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။                               

Ref: Iv

MWD