အီရန်အပေါ်တိုက်ခိုက်နေခြင်းအား ရပ်တန့်ရန် တောင်းဆိုလာသည့် ရုရှား
အီရန်နိုင်ငံအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း ရုရှားနိုင်ငံက အတည်ပြုပြောကြားလိုက်ပြီး အီရန်အပေါ် တိုက်ခိုက်နေခြင်းအားရပ်တန့်ရန် အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့အား ရုရှားနိုင်ငံက တောင်းဆိုလိုက်သည်။
အဆိုပါတောင်းဆိုချက်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထို့ပြင် အီရန်နိုင်ငံ၊ အိမ်နီးချင်းအာရပ်နိုင်ငံများနှင့် အခြားနေရာဒေသများရှိ အရပ်ဘက်ပစ်မှတ်များနှင့် အခြေခံ အဆောက်အဦများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းအား ရုရှားနိုင်ငံက လက်ခံနိုင်ဖွယ်မရှိသော လုပ်ဆောင်မှုများအဖြစ် ယူဆကြောင်း၊ အမေရိကန်နှင့် အစ္စရေးတို့အနေဖြင့် ၎င်းတို့တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် ရုရှားအစိုးရက တောင်းဆိုကြောင်း ဇာခါရိုဗာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။
ထို့ပြင် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအတွင်း ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးအနေဖြင့် အကျိုးအကြောင်း ဆင်ခြင်တုံတရားနှင့်ထိန်းသိမ်းစောင့်ရှောက်မှုကိုကျင့်သုံးရန်၊ ဘက်လိုက်မှုရှိသော စံနှုန်းနှစ်မျိုးကျင့်သုံးမှုကို စွန့်လွှတ်ရန်နှင့် အိမ်နီးချင်း ကောင်းပီသမှုအပေါ်အခြေခံ၍ ထိပ်တိုက်ရင်ဆိုင်မှုများကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကြိုးပမ်းကြရန် အလွန်အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများ အရှိန်မြင့်တက်လာမှုကို အမြန်ဆုံး အဆုံးသတ်နိုင်ရန်နှင့် မတူကွဲပြားမှုမှန်သမျှကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်မည်ဟု တရားဝင်ပြောကြားထားသည်။
Ref: Ta, Iv
MWD
