ဟန်ဂေရီရွေးကောက်ပွဲဝင် အတိုက်အခံပါတီအား ယူကရိန်းက ငွေကြေးထောက်ပံ့နေဟု ဘူဒါပက် စွပ်စွဲ

News Image

  • ဟန်ဂေရီရွေးကောက်ပွဲဝင် အတိုက်အခံပါတီအား ယူကရိန်းက ငွေကြေးထောက်ပံ့နေဟု ဘူဒါပက် စွပ်စွဲ

လာမည့်လတွင်ကျင်းပမည့် ဟန်ဂေရီပါလီမန်ရွေးကောက်ပွဲတွင် ယူကရိန်း နိုင်ငံသည် အတိုက်အခံ Tisza ပါတီကို လျှို့ဝှက်စွာ ငွေကြေးထောက်ပံ့ နေကြောင်း ဟန်ဂေရီအစိုးရက ပြင်းထန်စွာ စွပ်စွဲလိုက်သည်။ ဟန်ဂေရီ အစိုးရပြောရေးဆိုခွင့်ရှိသူ Zoltan Kovacs ၏ ပြောကြားချက်အရ အဆိုပါငွေကြေးစီးဆင်းမှုများနှင့်ပတ်သက်သည့် အထောက်အထားများကို အမျိုးသားလုံခြုံရေးဝန်ဆောင်မှုအဖွဲ့များက ပါလီမန်လုံခြုံရေးကော်မတီထံ တင်ပြထားပြီးဖြစ်ကြောင်း သိရှိရသည်။

Tisza ပါတီခေါင်းဆောင်များအနေဖြင့် ရွေးကောက်ပွဲအတွက် ဒေါ်လာ သန်း ၃၀ မှ ၆၀ ကြား လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုထားခြင်းမှာ လက်ရှိအာဏာရ Fidesz ပါတီ၏ ဩဇာလွှမ်းမိုးမှုကို ယှဉ်ပြိုင်လိုခြင်းဖြစ်ကြောင်းလည်း အစိုးရဘက်က ထောက်ပြထားသည်။

အဆိုပါစွပ်စွဲချက်သည် ဘူဒါပက်အနီးတွင် ယူကရိန်းယာဉ်တန်းတစ်ခုကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ဖြစ်စဉ်နောက်ပိုင်းတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဆိုပါယာဉ်တန်းတွင် အမေရိကန်ဒေါ်လာ သန်း ၄၀၊ ယူရို သန်း ၃၅ နှင့် ရွှေ ၉ ကီလိုဂရမ်တို့ ပါဝင်နေပြီး ငွေကြေးခဝါချမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖမ်းဆီးထားခြင်းဖြစ်သည်။

ဟန်ဂေရီအာဏာပိုင်များက ငွေကြေးသယ်ဆောင်မှု လမ်းကြောင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်နေချိန်တွင် ယူကရိန်းဘက်ကမူ ၎င်းတို့၏ လုပ်ဆောင်ချက်မှာ ၂၀၂၂ ခုနှစ် စစ်ပွဲစတင်ပြီးနောက်ပိုင်း ပုံမှန် လုပ်ဆောင်နေကျ ငွေကြေးလွှဲပြောင်းမှုသာဖြစ်ကြောင်းနှင့် ယခုဖမ်းဆီးမှုမှာ နိုင်ငံတော် အဆင့် ဓားပြတိုက်မှုဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

ဟန်ဂေရီနှင့် ယူကရိန်းကြား ဆက်ဆံရေးမှာ ယူကရိန်း၏ အီးယူ အဖွဲ့ဝင်ဖြစ်ရေးကိစ္စ၊ Druzhba ရေနံပိုက်လိုင်း ပိတ်ပင်မှုအပါအဝင် အငြင်းပွားမှုများစွာကြောင့် တင်းမာလျက်ရှိသည်။ Tisza ပါတီသည် ယူကရိန်း၏ အီးယူလမ်းကြောင်းကို ထောက်ခံထားသော်လည်း ဟန်ဂေရီ အစိုးရကမူ ယင်းရပ်တည်ချက်သည် နိုင်ငံ၏ လုံခြုံရေးနှင့်စီးပွားရေးကို ထိခိုက်စေနိုင်ပြီး ဥရောပသမဂ္ဂတစ်ခုလုံးကို ရုရှားနှင့် တိုက်ရိုက်ပဋိပက္ခ ဖြစ်စေမည့် အခြေအနေသို့ တွန်းပို့နိုင်ကြောင်း သတိပေးထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂