ဂျာမနီအနောက်ပိုင်း ပြည်နယ်ရွေးကောက်ပွဲတွင် လက်ယာယိမ်း AfD ပါတီ သမိုင်းဝင်အောင်ပွဲခံ

News Image

  • ဂျာမနီအနောက်ပိုင်း ပြည်နယ်ရွေးကောက်ပွဲတွင် လက်ယာယိမ်း AfD ပါတီ သမိုင်းဝင်အောင်ပွဲခံ

ဂျာမနီနိုင်ငံ၊ ဘေဒင်-ဗျူတင်ဘတ် (Baden-Württemberg) ပြည်နယ်တွင် မကြာသေးမီက ကျင်းပခဲ့သည့် ဒေသန္တရရွေးကောက်ပွဲ၌ AfD ပါတီ သည် သမိုင်းဝင်ရလဒ်ကောင်းတစ်ခုကို ရရှိခဲ့သည်။ ၎င်းသည် ယခင် ရွေးကောက်ပွဲထက် မဲရလဒ် နှစ်ဆနီးပါး တိုးတက်လာခြင်းဖြစ်ပြီး ပါတီ၏ အမာခံနယ်မြေဖြစ်သည့် အရှေ့ဂျာမနီဒေသများပြင်ပတွင် အကောင်းဆုံးသော ရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲတွင် Greens ပါတီနှင့် ဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ် ဦးဆောင်သည့် CDU ပါတီ တို့က မဲအရေအတွက် ၃၀ ရာခိုင်နှုန်း ဝန်းကျင်ခန့် ရရှိခဲ့ကြပြီး Greens ပါတီက ၁ ရာခိုင်နှုန်းအောက် ကွာခြားချက်ဖြင့် အနိုင်ရရှိခဲ့သည်။

AfD ပါတီအနေဖြင့် ၁၉ ရာခိုင်နှုန်းနီးပါးရရှိကာ တတိယနေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းသည် နိုင်ငံရေးအခင်းအကျင်းတွင် အရေးပါသော အပြောင်းအလဲတစ်ခုဟု လေ့လာသူများက သုံးသပ်ကြသည်။ AfD ဒေသ ဆိုင်ရာ ပူးတွဲဥက္ကဋ္ဌ မာကပ်စ် ဖရွန်မိုင်ယာကမူ အဆိုပါရလဒ်သည် မဲဆန္ဒရှင်များ၏ "ကွန်ဆာဗေးတစ်" သဘောထားကို ထင်ဟပ်ပြသနေပြီး နိုင်ငံရေးအပြောင်းအလဲအတွက် ရှင်းလင်းသောအချက်ပြမှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် AfD ပါတီအနေဖြင့် CDU နှင့် ပူးပေါင်းဆောင်ရွက်ရန် သို့မဟုတ် ညွန့်ပေါင်းအစိုးရတွင် ပါဝင်ရန် ဆန္ဒရှိကြောင်း အရိပ်အမြွက် ပြောကြားထားသော်လည်း လက်ရှိတွင် CDU ဘက်ကမူ ယင်းကမ်းလှမ်းချက်ကို ပယ်ချထားဆဲဖြစ်သည်။

ပြီးခဲ့သည့် နှစ်များအတွင်း ဂျာမနီနိုင်ငံတွင် AfD ပါတီ၏ လူထုထောက်ခံမှုမှာ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ အဓိကပါတီကြီးများအပေါ် စိတ်ပျက်မှုများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ဥရောပသမဂ္ဂ (EU) ၏ မူဝါဒများအပေါ် ဆွေးနွေးမှုများက တွန်းအားပေးလျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ရွေးကောက်ပွဲနောက်ပိုင်းတွင်လည်း အတိုက်အခံပါတီများထဲတွင် လူကြိုက်အများဆုံးပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့သည်။ နောက်ဆုံးရရှိထားသည့် လူထုသဘောထားစစ်တမ်းများအရ ဂျာမန်နိုင်ငံသား ၂၄ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိက AfD ပါတီကို ထောက်ခံလျက်ရှိပြီး အာဏာရ CDU/CSU မဟာမိတ်အဖွဲ့နှင့် ကွာခြားချက်မှာ ၁ ရာခိုင်နှုန်းအထိ ကျဉ်းမြောင်းလာပြီဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂