လောင်စာဆီပြတ်လပ်နေစဉ် အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ်သို့ ဒီဇယ်ဆီများထောက်ပံ့ပေးမည်
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် လောင်စာဆီ ပြတ်လပ်မှုများဖြစ်ပွားနေစဉ် အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဒီဇယ်ဆီများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လက်ရှိတွင် စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်နေရသောကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ပါဘာတီပူရ နယ်စပ်ရှိ ပိုက်လိုင်းမှတစ်ဆင့် ဒီဇယ် တန်ချိန် ၅၀၀၀ ကို ပေးပို့မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရေနံကော်ပိုရေးရှင်းဥက္ကဋ္ဌ မိုဟာမက် ရီဇာနူရာမန်၏ ပြောကြားချက်ကို ကိုးကား၍ ANI သတင်းဌာနက ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိန္ဒိယနှင့်သဘောတူညီချက် ချမှတ်ထားကြောင်း၊ အဆိုပါသဘောတူညီချက်အရ အိန္ဒိယနိုင်ငံက တစ်နှစ်လျှင် ဒီဇယ်တန်ချိန် ၁၈၀၀၀၀ ကို ပိုက်လိုင်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးပို့မည်ဖြစ်ကြောင်း ရာမန်ကပြောကြားထားသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၎င်းတို့နိုင်ငံ အတွက်လိုအပ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ ၉၅ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အုံကြွမှုအပြီး ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာက အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့ခြင်းကြောင့် တင်းမာခဲ့သော နှစ်နိုင်ငံဆက်ဆံရေးသည် ယခုနှစ် ဖေဖော်ဝါရီလတွင် တာရစ်ရာမန်အစိုးရ အာဏာရလာပြီးနောက်ပိုင်း ပြန်လည်ကောင်းမွန် လာခဲ့ကြောင်း သိရသည်။
Ref: RT
MWD
