အပေးအယူလုပ်ဆောင်ခြင်းမပြုပါက အီရန်ခေါင်းဆောင်သစ်အား လုပ်ကြံသတ်ဖြတ်ရန် ထောက်ခံမည်ဟု အမေရိကန်ပြော
မကြာသေးမီက ရွေးချယ်တင်မြှောက်ခြင်း ခံထားရသည့် အီရန်ခေါင်းဆောင်သစ် မော့တာဘာခါမေနီအနေဖြင့် အမေရိကန်အစိုးရနှင့် အပေးအယူလုပ်ဆောင်ခြင်းမရှိပါက ၎င်းအားလုပ်ကြံသတ်ဖြတ်မည့် အစီအစဉ်အား အမေရိကန်က ထောက်ခံမည်ဖြစ်ကြောင်း Wall Street Journal ကဖော်ပြခဲ့ကြောင်း သိရသည်။
အကယ်၍ အီရန်ခေါင်းဆောင်သစ်မော့တာဘာခါမေနီအနေဖြင့် အမေရိကန်အစိုးရအား အလျှော့ပေးရန်အသင့်မဖြစ်သေးပါက ၎င်းအားဖယ်ရှားရှင်းလင်းမည့် အစီအစဉ်ကိုထောက်ခံမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အကြံပေးများကို ပြောကြားထားခြင်းဖြစ်သည်။
အထူးသဖြင့် ခေါင်းဆောင်သစ်လက်ထက်တွင် အီရန်အစိုးရအနေဖြင့် ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်စေရန် ဒေါ်နယ်ထရမ့်က ဆန္ဒဖြစ်ပေါ်နေခြင်းဖြစ်သည်။
သို့သော် မော့တာဘာ ခါမေနီသည် အမေရိကန်နှင့်စေ့စပ်ဆွေးနွေး၍ အပေးအယူလုပ်ဆောင်ရန် ဆန္ဒရှိနေသူမဟုတ်ဟု ယူဆခြင်းခံထားရသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်အစိုးရက မော့တာဘာခါမေနီကို သဘောထားတင်းမာသည့် နိုင်ငံရေးသမားတစ်ဦးအဖြစ် ရှုမြင်ထားပြီး ၎င်းအနေဖြင့် အီရန်၏နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် ကြိုးပမ်းမှုကို စွန့်လွှတ်မည် သို့မဟုတ် အမေရိကန်အစိုးရ၏ စည်းကမ်းသတ်မှတ်ချက်များဖြင့် ဆွေးနွေးညှိနှိုင်းမည်ဟု မျှော်လင့်ထားခြင်းမရှိဟု ဂျာနယ်တွင်ရေးသား ဖော်ပြထားသည်။
သတင်းရင်းမြစ်များ၏ အဆိုအရ မော့တာဘာခါမေနီကို ဖယ်ရှားမည့်စစ်ဆင်ရေးကို အစ္စရေးနိုင်ငံက ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
ယခင်အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်ဟောင်း အလီခါမေနီနှင့် ၎င်း၏ဇနီး သေဆုံးခဲ့ရသည့် လေကြောင်းတိုက်ခိုက်မှုကိုလည်း အစ္စရေးကပင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဂျာနယ်တွင် ဆက်လက်ဖော်ပြထားကြောင်း သိရသည်။
Ref: Ta
MWD
