သေအံ့ဆဲဆဲ ခွေးတစ်ကောင်အတွက် ကင်ဆာကာကွယ်ဆေး ထုတ်လုပ်ရာတွင် AI က ကူညီပေးခဲ့

News Image

  • သေအံ့ဆဲဆဲ ခွေးတစ်ကောင်အတွက် ကင်ဆာကာကွယ်ဆေး ထုတ်လုပ်ရာတွင် AI က ကူညီပေးခဲ့

ဩစတြေးလျနိုင်ငံမှ သိပ္ပံပညာရှင်တစ်ဦးသည် ChatGPT နှင့် အဆင့်မြင့် နည်းပညာများကို အသုံးချ၍ ကင်ဆာရောဂါကြောင့် သေအံ့ဆဲဆဲဖြစ်နေသော ၎င်း၏ အိမ်မွေးခွေးလေးကို ကယ်တင်နိုင်မည့် အလားအလာရှိသော ကုထုံးသစ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ 

Core Intelligence Technologies ၏ ပူးတွဲတည်ထောင်သူ ပေါလ် ကွန်နင်ဂမ် (Paul Conyngham) သည် ၎င်း၏ခွေးလေး ‘ရိုစီ’ (Rosie) တွင် ပြင်းထန်သော ‘Mast Cell’ ကင်ဆာရောဂါ ခံစားနေရကြောင်း သိရှိပြီးနောက် သမားရိုးကျ ခွဲစိတ်ကုသမှုနှင့် ဆေးသွင်းကုသမှုများက ရောဂါကို မဟန့်တားနိုင်တော့သည့်အတွက် ChatGPT နှင့် တိုင်ပင်ဆွေးနွေးကာ ကိုယ်တိုင်ဖြေရှင်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ခွေးလေး၏ ကျန်းမာသော DNA နှင့် ကင်ဆာအကြိတ်ရှိ DNA တို့ကို နှိုင်းယှဉ်စစ်ဆေးကာ ဗီဇပြောင်းလဲမှုများကို ရှာဖွေခြင်း၊ AlphaFold နည်းပညာဖြင့် ပရိုတင်းပုံစံများကို ကုထုံးရေးဆွဲခြင်းနှင့် ဆေးဝါးများရှာဖွေခြင်းတို့ကို အချက်အလက်ခွဲခြမ်းစိတ်ဖြာ လုပ်ဆောင်ခဲ့သည်။

အဆိုပါ ကြိုးပမ်းမှုကို UNSW နှင့် ကွင်းစလန်းတက္ကသိုလ်မှ သုတေသီများနှင့် ပါမောက္ခများက ဝိုင်းဝန်းကူညီပေးခဲ့ကြပြီး ကွန်နင်ဂမ်၏ mRNA ဒီဇိုင်းကို အသုံးပြု၍ သီးသန့်ကာကွယ်ဆေး (Personalized Vaccine) ကို ဖော်စပ်ကာ စမ်းသပ်ထိုးနှံပေးခဲ့သည်။ ရိုစီသည် ကာကွယ်ဆေး ထိုးနှံပြီးနောက် သီတင်းပတ်အနည်းငယ်အတွင်း သိသိသာသာ ပြန်လည် ကျန်းမာလာပြီး ၎င်း၏ ကင်ဆာအကြိတ်မှာလည်း ထက်ဝက်နီးပါးအထိ ကျုံ့သွားခဲ့သည်။

လက်ရှိတွင် သိပ္ပံပညာရှင်များသည် ပထမအကြိမ်တွင် မပျောက်ကင်းသေးသော ကင်ဆာဆဲလ်များကို တိုက်ဖျက်ရန် ဒုတိယမြောက် ကာကွယ်ဆေး ကို ဆက်လက်စမ်းသပ်ရှာဖွေနေကြသည်။ ထိုကဲ့သို့သော တစ်ဦးချင်းစီနှင့် ကိုက်ညီအောင် ဖော်စပ်သည့် mRNA ကင်ဆာကာကွယ်ဆေး နည်းပညာ ကို လူသားများအတွက်လည်း ရုရှားနိုင်ငံအပါအဝင် နိုင်ငံအချို့၌ စတင် အတည်ပြုဖော်စပ်နေပြီဖြစ်ရာ အနာဂတ်ကင်ဆာကုထုံးများအတွက် မျှော်လင့်ချက်အသစ်များ ဖြစ်ပေါ်စေခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂