၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဖြေဆို

News Image

  • ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဖြေဆို

ရန်ကုန်   မတ်  ၁၆

    ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဆက်လက်ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၁၁၁ ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်၊ သမိုင်းဘာသာရပ်နှင့် စက်မှုအတတ်ပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်တို့ကိုကျောင်းသား၊ ‌ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုကြသည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စာစစ်ဌာန ၁၁၁ ခု ဖွင့်လှစ်ထားရှိပြီး  ယနေ့တွင် ရူပဗေဒ ဘာသာရပ်၊    သမိုင်းဘာသာရပ်တို့ကို ကျောင်းသား ၂၀၇၀၇ ဦး၊  ကျောင်းသူ ၂၆၀၀၃ ဦးဖြင့် စုစုပေါင်း ၄၆၇၁၀  ဦးဖြေဆိုခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၉၄ ဒသမ ၈၃ ရာခိုင်နှုန်း    ဖြေဆိုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲ ပဉ္စမနေ့တွင် စက်မှုအတတ်ပညာ အနေဖြင့် မြေတိုင်းပညာ၊  လျှပ်စစ်ဆိုင်ရာစက်ပစ္စည်းများ၊   ဂဟေဆက်နည်းပညာဘာသာရပ်၊ စိုက်ပျိုးရေးအတတ်ပညာအနေဖြင့် သီးနှံကာကွယ်ရေးဘာသာရပ်၊ မွေးမြူရေးအတတ်ပညာအနေဖြင့်   ရေသတ္တဝါမွေးမြူရေးနှင့်   ပျားမွေးမြူရေးဘာသာရပ်များကို ကျောင်းသား ၂၄၄ ဦး၊ ကျောင်းသူ ၁၅၈ ဦး စုစုပေါင်း ၄၀၂ ဦး ဖြေဆိုခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုရန် ဝင်ရောက်လာကြသည့်   ကျောင်းသား၊ ကျောင်းသူများအား   စာမေးပွဲဖြေဆိုခွင့်ကတ်များ တစ်ပါတည်းပါရှိရန်နှင့် စာဖြေရန်အထောက်အကူပြုပစ္စည်းများ    ယူဆောင်ရန် တာဝန်ကျ ဆရာ၊ ဆရာမများက ဖြေဆိုရန် အခန်းဝင်ရောက်ချိန်တို့တွင် သတိပေးကြပြီး စာမေးပွဲဖြေဆိုခွင့်ကတ် မေ့ကျန်ခဲ့သူများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူများကို အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူများက စာစစ်ဌာနအလိုက် ဆောင်ရွက်ပေးကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၄ ခုမှ မြို့နယ် ၄၅ မြို့နယ်ရှိ စာစစ်ဌာန ၁၁၁ ခုရှိပြီး စာစစ်ဌာန ၁၀၇ ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့နှင့် စာစစ်ဌာနလေးခု၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ကို ဆက်လက်ဖြေဆိုခဲ့ကြပြီးအင်းစိန်ဗဟိုအကျဉ်းထောင် စာစစ်ဌာန၌ ကျောင်းသား ၃၃ ဦး၊ ကျောင်းသူ သုံးဦးဖြင့် စုစုပေါင်း ၃၆ ဦး၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊  လှိုင်သာယာ (‌ရှေ့)၊ သင်္ဃန်းကျွန်း၊ ဒဂုံ(မြောက်)၊ မြောက်ဥက္ကလာပ၊ မရမ်းကုန်း၊ ဗဟန်း၊ သန်လျင်နှင့် ပုဇွန်တောင် မြို့နယ်တို့ရှိဆေးရုံတို့၌   ကျောင်းသားလေးဦး၊ ကျောင်းသူ ၁၀ ဦး စုစုပေါင်း ၁၄ ဦး ဆက်လက်ဖြေဆို ခဲ့ကြကြောင်း  သိရသည်။ 

MWD