ထာဝရဓာတုပစ္စည်းများနဲ့ထိတွေ့မိတဲ့ ကလေးများ အရိုးအားနည်းပြဿနာနဲ့ ကြုံတွေ့ရနိုင်

News Image

  • ထာဝရဓာတုပစ္စည်းများနဲ့ထိတွေ့မိတဲ့ ကလေးများ အရိုးအားနည်းပြဿနာနဲ့ ကြုံတွေ့ရနိုင်

     ကလေးဘဝအစောပိုင်းကာလတွေမှာ “Forever Chemicals” လို့ ခေါ်တဲ့ ထာဝရဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုရှိခြင်းဟာ အရွယ်ရောက်လာတဲ့အခါ အရိုးသန်မာမှုကို တိတ်တဆိတ် ထိခိုက်စေနိုင်တယ်လို့ သုတေသနအသစ်တစ်ခုက ဖော်ပြထားတာတွေ့ရပါတယ်။ လူတွေဖန်တီးထားတဲ့ အဲဒီ ဓာတုပစ္စည်းတွေကို ရေ၊ အစားအစာနဲ့ လူသုံးကုန်ပစ္စည်း တော်တော်များများမှာ တွေ့ရလေ့ရှိပြီး သူတို့ဟာ ပတ်ဝန်းကျင်နဲ့ လူ့ခန္ဓာကိုယ်ထဲမှာ အကြာကြီး စုပုံတည်ရှိနေတတ်တာပါ။ 

သုတေသနပညာရှင်တွေကတော့ အဲဒီဓာတုပစ္စည်းတွေကြောင့် ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖွံ့ဖြိုးမှုဖြစ်စဉ်တွေနဲ့ အရိုးသန်မာမှုတွေမှာ အနှောင့်အယှက် ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ပညာရှင် ဂျက်ဆီပီဘတ်ကလေက ဆယ်ကျော်သက်အရွယ်ဟာ သန်မာတဲ့အရိုးတွေတည်ဆောက်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပြီး အဲဒီအချိန်မှာ အရိုးထုထည် ကောင်းကောင်းရမှသာ တစ်သက်လုံးမှာအရိုးကျိုးတာနဲ့ အရိုးပွရောဂါဖြစ်တာတွေကို လျှော့ချနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

အခုလေ့လာချက်အရ သွေးထဲမှာ အဲဒီဓာတုပစ္စည်းပါဝင်မှုမြင့်မားတဲ့ ဆယ်ကျော်သက်တွေမှာ လက်ဖျံရိုးရဲ့သိပ်သည်းဆ လျော့နည်းနေတာတွေ့ရပါတယ်။ ဒီအခြေအနေဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီးတော့ သိသာထင်ရှားနေတာကို တွေ့ရှိရတယ်လို့ ပညာရှင်များကဆိုပါတယ်။

MWD