(၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖိတ်ခေါ်စားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် ဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

News Image

  • (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖိတ်ခေါ်စားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် ဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မော်လမြိုင်   မတ်   ၁၈

    ၂ဝ၂၆ ခုနှစ် (၅၂) နှစ်မြောက် မွန်ပြည်နယ် နေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊  ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဌာနပေါင်းစုံဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ   မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် အမျိုးသားသုံးယောက်တွဲ   ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ယှဉ်ပြိုင်နေမှုကို   ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒိုင်လူကြီးများအား ဂုဏ်ပြုဆုငွေပေးအပ်ပြီး တစ်ဦးချင်းစားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ အသင်းလိုက်  စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲ၊ နှစ်ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲ၊ သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား တံခွန်စိုက်ဒိုင်းဆု၊ တစ်ဦးချင်းဆုနှင့်ငွေသားဆုများပေးအပ် ကာ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် (၅၂)နှစ်မြောက်  မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်ရှိ သံလွင်အပန်းဖြေဥယျာဉ်ဖွင့်ပွဲသို့ တက်ရောက်ပြီး သံလွင်အပန်းဖြေဥယျာဉ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်ပွဲတွင် ဖျော်ဖြေပေးခဲ့ကြသည့် ဘင်ခရာ၊ ပန်းဖွား၊ တိုင်းရင်းသားအကအဖွဲ့များနှင့် ဖဲကြိုးကိုင်၊ ဗန်းကိုင်အဖွဲ့များအား ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ပြီး  သံလွင်ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ အများပြည်သူ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေး၊ အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများ စနစ်တကျရှိစေရေး မှာကြားခဲ့ကြောင်း သိရသည်။

MWD