အာဖရိကဖလားကို မော်ရိုကိုအသင်းထံ လွှဲပြောင်းပေးရမည့် ဆုံးဖြတ်ချက်အား ဆီနီဂေါနိုင်ငံဘောလုံး အဖွဲ့ချုပ်က လက်ခံကြောင်း အတည်ပြု
ရာဘတ် မတ် ၁၉
ဆီနီဂေါနိုင်ငံဘောလုံးအဖွဲ့ချုပ်က ၂၀၂၅ အာဖရိကဖလားကို မော်ရိုကိုအသင်းထံ လွှဲပြောင်းပေးရမည့် ဆုံးဖြတ်ချက်အား လက်ခံကြောင်း အတည်ပြုကြေညာခဲ့သည်။
၂၀၂၅ အာဖရိကဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အိမ်ရှင်မော်ရိုကို အသင်းနှင့် ဆီနီဂေါအသင်းတို့ ကစားသည့်ပွဲစဉ်၌ မိနစ် ၉၀ အပြီး အချိန်ပိုတွင် မော်ရိုကို အသင်းကို ပယ်နယ်တီ သတ်မှတ်ပေးခြင်းနှင့် ပတ်သက်ပြီး ဆီနီဂေါအသင်း ကစားသမားများက ကျေနပ်ခြင်း မရှိသောကြောင့် အသင်းခေါင်းဆောင် မာနေးမှလွဲပြီး ကျန်ကစားသမားများ အားလုံးကွင်းအတွင်းမှ အဝတ်စားလဲခန်း အတွင်းသို့ ထွက်ခွာခဲ့သည့်အတွက် ပွဲချိန် ၁၇ မိနစ်ခန့်ရပ်နားခဲ့ရသည်။
ထို့နောက် ဆီနီဂေါအသင်း ခေါင်းဆောင်မာနေးက အသင်းတာဝန်ရှိသူများနှင့် အသင်းဖော်များကို ဖျောင်းဖျမှုများ လုပ်ဆောင်ပြီးနောက် ပွဲစဉ်ကို ဆက်လက်ကစားရန် ဆုံးဖြတ်ခဲ့ပြီး ပွဲချိန် ၉၄ မိနစ် တွင် ဂူယီက ဆီနီဂေါအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူနိုင်ပြီးနောက် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် မော်ရိုကိုနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပွဲကစားရန်ငြင်းဆန်ခဲ့သည့် ဆီနီဂေါအသင်း၏လုပ်ရပ် သည် အာဖရိကဘောလုံး အဖွဲ့ချုပ်မှ ချမှတ်ထားသည့် စည်းမျဉ်းများနှင့် ငြိစွန်းနေသည့်အတွက် ပြန်လည် ကစားခွင့်ပေးရန် အာဖရိကနိုင်ငံဘောလုံးအဖွဲ့ချုပ် အယူခံကော်မတီထံ အယူခံတင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်ရပ်အတွက် အာဖရိကနိုင်ငံဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် ဆီနီဂေါအသင်း ကစားသမားများ၏လုပ်ရပ်သည် သတ်မှတ်စည်းမျဉ်းများနှင့် ငြိစွန်းနေသည့်အတွက် အဆိုပါ ပွဲစဉ်ရလဒ်ကို ပြန်လည်ပယ်ဖျက်ပြီး မော်ရိုကိုအသင်းကို ၃ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရလဒ်ပေး ရန် ဆုံးဖြတ်ခဲ့သည်။ ဆီနီဂေါနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် အစောပိုင်းက အဆိုပါ ဆုံးဖြတ်ချက်ကို ငြင်းဆိုထားကာ အယူခံပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ယခုအခါ အာဖရိကဘောလုံး အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်ကို လက်ခံပြီး ဆုဖလားကို လွှဲပြောင်းပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
Ref;Fabrizio Romano
MWD
