အီရန်စစ်ပွဲတွင် အမေရိကန်က ဒုံးကျည်လက်နက်တိုက် ထက်ဝက်နီးပါး သုံးစွဲခဲ့ရစဉ် အစ္စရေးက ခြွေတာခဲ့ကြောင်း ဝါရှင်တန်ပို့စ် ဖော်ပြ

News Image

  • အီရန်စစ်ပွဲတွင် အမေရိကန်က ဒုံးကျည်လက်နက်တိုက် ထက်ဝက်နီးပါး သုံးစွဲခဲ့ရစဉ် အစ္စရေးက ခြွေတာခဲ့ကြောင်း ဝါရှင်တန်ပို့စ် ဖော်ပြ

Washington Post သတင်းစာ၏ ဖော်ပြချက်အရ အီရန်နှင့်ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း အမေရိကန်က ၎င်း၏ အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေး အရန်ဒုံးကျည်အမြောက်အမြားကို အသုံးပြုခဲ့ရသော်လည်း အစ္စရေးကမူ ၎င်း၏ လက်နက်တိုက်များကို ခြွေတာထိန်းသိမ်းထားခဲ့ကြောင်း သိရှိရသည်။ စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များသည် ၎င်းတို့၌ ရှိသော သိုလှောင်မှုစုစုပေါင်း၏ ထက်ဝက်ခန့်ဖြစ်သည့် THAAD ဒုံးခွင်းဒုံး ၂၀၀ ကျော်နှင့် SM-3၊ SM-6 ဒုံးကျည် ၁၀၀ ကျော်အထိ အသုံးပြု၍ဒုံးကျည်ကာကွယ်ရေးတာဝန်အများစုကို အဓိကတာဝန်ယူပေးခဲ့ရသည်။

သို့သော် အစ္စရေးသည် Arrow ဒုံးခွင်းဒုံး ၁၀၀ နှင့် David’s Sling ဒုံးခွင်းဒုံး ၉၀ မျှသာ အသုံးပြုခဲ့ပြီး ၎င်းတို့အနက်အချို့ကို နည်းပညာနိမ့် ရန်သူ့ ဒုံးကျည်များကိုခုခံရာတွင်သာ သုံးစွဲခဲ့ခြင်းကြောင့် သုတေသီများနှင့် ဝေဖန်သူများက ယင်းကို မမျှတသောအခြေအနေအဖြစ် ထောက်ပြနေကြသည်။ ထို့ပြင် ပင်တဂွန်စစ်ဌာနချုပ်က တိုက်ရိုက်အသုံးစရိတ်မှာ ဒေါ်လာ ဘီလီယံ ၃၀ အောက်သာရှိကြောင်းပြောဆိုသော်လည်း စစ်ရေး ကျွမ်းကျင်သူများက ကုန်ဆုံးသွားသောခဲယမ်းများနှင့် ပိုင်ဆိုင်မှုများကို ပြန်လည်အစားထိုးရန် ကုန်ကျစရိတ်အပါအဝင် အမေရိကန် စီးပွားရေး အပေါ် ရေရှည်သက်ရောက်မှုများကြောင့် စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၁ ထရီလီယံကျော်အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။

ထိုကဲ့သို့ အမေရိကန်၏ ဒုံးခွင်းဒုံးသိုလှောင်မှုများလျော့နည်းလာပြီး ထုတ်လုပ်မှုပိုင်းက လိုအပ်ချက်ကို အမီမလိုက်နိုင်ဖြစ်နေချိန်တွင် အီရန် ဘက်ကမူ ၎င်းတို့၏ ရွှေ့လျားဒုံးကျည်ပစ်စင်များနှင့် ဒုံးကျည်လက်နက်တိုက်၇၀ ရာခိုင်နှုန်းခန့်အပြင် ဗုံးကြဲခံခဲ့ရသည့် မြေအောက်စစ်ဘက်ဆိုင်ရာအဆောက်အအုံ ၉၀ ရာခိုင်နှုန်းကိုပါ ပြန်လည်အသုံးပြုနိုင်အောင်လုပ်ဆောင်နိုင်ခဲ့သဖြင့် စစ်ရေးစွမ်းရည်အများစုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။

လက်ရှိတွင် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် ငြိမ်းချမ်းရေးစည်းကမ်းချက်များကို မလိုက်နာပါက တိုက်ခိုက်မှုများပြန်စမည်ဟု ခြိမ်းခြောက်နေသော်လည်း ဧပြီလ အပစ်အခတ်ရပ်စဲရေးကို ဆက်တိုက်သက်တမ်းတိုးနေခြင်းက အမေရိကန်အနေဖြင့် လူထုထောက်ခံမှုမရတော့ဘဲ ကုန်ကျစရိတ်များပြားသည့် အဆိုပါပဋိပက္ခမှ ရုန်းထွက်ရန် လမ်းစရှာနေခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ 

တစ်ချိန်တည်းတွင် အစ္စရေးက အီရန်အားနည်းနေချိန်တွင် စစ်ပွဲကို အပြတ်အသတ်အဆုံးသတ်ရန် ဝါရှင်တန်ကို တွန်းအားပေးနေသော်လည်း အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က မိမိတို့အား အကျပ်ကိုင်လက်နက်ချခိုင်း၍မရနိုင်ကြောင်း တုံ့ပြန်ထားသည်။ လက်ရှိတွင် အီရန်သည် အမေရိကန်၏ မွမ်းမံထားသော အဆိုပြုချက်များကို ပြန်လည်သုံးသပ်နေပြီး ဆွေးနွေးပွဲများအောင်မြင်ရန်အတွက် အမေရိကန်အနေဖြင့် အီရန် သင်္ဘောများအပေါ် ဖိနှိပ်မှုများ ရပ်တန့်ရန်၊ ထိန်းချုပ်ထားသည့် ရန်ပုံငွေများ ပြန်လည်ထုတ်ပေးရန်နှင့် အစ္စရေးအနေဖြင့်လည်း လက်ဘနွန် စစ်ပွဲကို အဆုံးသတ်ရန် အီရန်က တောင်းဆိုထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး