ရုရှားနှင့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တရုတ် အဆင်သင့်ရှိဟုဆို

News Image

  • ရုရှားနှင့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တရုတ် အဆင်သင့်ရှိဟုဆို

     ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များကြား ရရှိထားသော သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် မြှင့်တင်ရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂိုကျာကွန်းက မေလ၂၁ ရက်တွင်ပြောသည်။

နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်ရုရှားနှင့် တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်းနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 နိုင်ငံ့ခေါင်းဆောင်နှစ်ဦးကြား ရရှိထားတဲ့ အရေးကြီး သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ သမိုင်းဝင်အခွင့်အလမ်းများကို အပြည့်အဝအသုံးချကာ နှစ်နိုင်ငံကြား အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် တရုတ်နိုင်ငံက ရုရှားနိုင်ငံနဲ့အတူ လက်တွဲဆောင်ရွက်သွားဖို့ အဆင်သင့်ရှိပါတယ်ဟု ၎င်းကပြောထားခြင်းဖြစ်သည်။

ဆိုက်ဘေးရီးယားစွမ်းအင်-၂ စီမံကိန်းဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန် အကျိုးစီးပွားကို အခြေခံ၍ ရုရှားနိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း ဂိုကျာကွန်းက ပြောထားသည်ဟု သိရသည်။

MWD