ထိုင်ဝမ်ခေါင်းဆောင်နှင့် စကားပြောရန် အဆင်သင့်ရှိကြောင်း ထရမ့် ပြောကြားမှုကြောင့် အမေရိကန်-တရုတ် သံတမန်ရေးရာ တင်းမာမှုများ မြင့်တက်လာနိုင်ခြေရှိ

News Image

  • ထိုင်ဝမ်ခေါင်းဆောင်နှင့် စကားပြောရန် အဆင်သင့်ရှိကြောင်း ထရမ့် ပြောကြားမှုကြောင့် အမေရိကန်-တရုတ် သံတမန်ရေးရာ တင်းမာမှုများ မြင့်တက်လာနိုင်ခြေရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်နှင့် တိုက်ရိုက်စကားပြောဆိုရန် အလားအလာရှိကြောင်း ဗုဒ္ဓဟူးနေ့ (မေ ၂၀) တွင် ထုတ်ဖော်ပြောကြားလိုက်ရာ အဆိုပါ လုပ်ရပ်သည် ၁၉၇၉ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ် လေးခုကျော်ကြာ ထိန်းသိမ်းလာခဲ့သည့် အမေရိကန်၏ သံတမန်ရေးရာ လုပ်ထုံးလုပ်နည်းဟောင်းများမှ သိသိသာသာသွေဖည်သွားခြင်းဖြစ်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေးကို ပိုမိုတင်းမာသွားစေနိုင်ကြောင်း သုံးသပ်ရသည်။ 

ထရမ့်သည် မေရီလန်းပြည်နယ်ရှိ မေရီလန်းပြည်နယ်ရှိ Joint Base Andrews လေတပ်စခန်း၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြီးခဲ့သည့် ဇန်နဝါရီလက ကွန်ဂရက်မှ အတည်ပြုထားသည့် ဒေါ်လာ ၁၄ ဘီလီယံ တန်ဖိုးရှိ ထိုင်ဝမ်သို့ လက်နက်ရောင်းချမည့် အစီအစဉ်ကို လက်မှတ် ရေးထိုးရန် ဆုံးဖြတ်ချက်မချမီ ထိုင်ဝမ်သမ္မတထံ ဖုန်းခေါ်ဆိုရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုကို "ကျွန်တော် လူတိုင်းနဲ့ စကားပြောပါတယ်၊ အခြေအနေကိုလည်း ကောင်းကောင်းထိန်းချုပ်ထား နိုင်ပါတယ်" ဟု ဖြေကြားကာ ထိုင်ဝမ်ခေါင်းဆောင်နှင့် စကားပြောရန် အဆင်သင့်ရှိကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းက "ကျွန်တော်တို့ အဲဒီ ထိုင်ဝမ် ပြဿနာကို ဖြေရှင်းသွားမှာပါ" ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါမှတ်ချက်သည် ထရမ့် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီး ရက်ပိုင်းအတွင်းထွက်ပေါ်လာခြင်းဖြစ်ပြီး ထိုခရီးစဉ် အတွင်း တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ထိုင်ဝမ်ကိစ္စကို မှားယွင်းကိုင်တွယ်ပါက အလွန်အန္တရာယ်များသော အခြေအနေဖြစ်လာနိုင်ကြောင်း ထရမ့်ကို တိုက်ရိုက်သတိပေးခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ (CCP) အနေဖြင့် ထိုင်ဝမ်ကို ၎င်းတို့၏ နယ်မြေတစ်ခုအဖြစ် ရှုမြင်ထားပြီး လိုအပ်ပါက အင်အားသုံး၍ ပြန်လည်ပေါင်းစည်းမည်ဟု ကြုံးဝါးထားသော်လည်း အမေရိကန်သည် 'တရုတ်တစ်နိုင်ငံတည်း' မူဝါဒအရတရုတ်၏ရပ်တည်ချက်ကို သိရှိနားလည်ထားရုံသာရှိပြီး တရုတ်၏ ထိုင်ဝမ်အပေါ် ပိုင်ဆိုင်မှုတောင်းဆိုချက်ကို တရားဝင် အသိအမှတ်ပြုထားခြင်း မရှိပေ။ 

ထို့ပြင် အမေရိကန်သည် 'ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေ' အရ ထိုင်ဝမ် အား မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန် စစ်ဘက်ဆိုင်ရာလက်နက်များ ထောက်ပံ့ပေးရန် ဥပဒေအရ တာဝန်ရှိသည့်အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း သမိုင်းတစ်လျှောက် အကြီးမားဆုံးထဲမှတစ်ခုဖြစ်သည့် ဒေါ်လာ ၁၁ ဘီလီယံကျော်ဖိုး လက်နက်များ ရောင်းချပေးခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံ၏ စစ်ရေးအရ နေ့စဉ်ဖိအားပေးခြိမ်းခြောက်မှုများကိုခံနေရသည့် ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ကလည်း ဝါရှင်တန်နှင့် တိုင်ပေကြား ဆက်သွယ်ရေးလမ်းကြောင်းများ အမြဲပွင့်လင်းနေကြောင်းနှင့် ထရမ့်နှင့် တိုက်ရိုက်စကားပြောခွင့်ရပါက မိမိတို့အနေဖြင့် ထိုင်ဝမ် ရေလက်ကြား၏ လက်ရှိငြိမ်းချမ်းရေးအခြေအနေကို ဆက်လက် ထိန်းသိမ်းထားလိုကြောင်း ပြောကြားမည်ဟု ဆိုသည်။ 

သို့သော် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုင်ဝမ်သမ္မတသည် ပြင်ပအင်အားစုများကို အားကိုး၍ လွတ်လပ်ရေးရယူရန် အမြင်မှားနေသူဟု စွပ်စွဲပြစ်တင်ထားသည်။ အမေရိကန်နှင့် ထိုင်ဝမ် ခေါင်းဆောင်နှစ်ဦးကြား တိုက်ရိုက်ဖုန်းခေါ်ဆိုမှုဖြစ်လာခဲ့ပါက ၎င်းသည် ၂၀၁၆ ခုနှစ်က ရွေးကောက်ခံသမ္မတအဖြစ် ရှိနေစဉ် ထိုင်ဝမ်သမ္မတဟောင်း ဆိုင်အင်းဝမ် နှင့် ထရမ့် ဖုန်းပြောဆိုခဲ့မှုကြောင့် သံတမန်ရေးရာကန့်ကွက်မှုများ ကြုံတွေ့ ခဲ့ရသည့်ဖြစ်စဉ်ကဲ့သို့ပင် ပေကျင်းအစိုးရကို အကြီးအကျယ် ဒေါသထွက်စေပြီး နိုင်ငံတကာသံတမန်ရေးရာတွင် ကြီးမားသောလှိုင်းဂယက်များ ရိုက်ခတ်လာနိုင်ကြောင်း သုံးသပ်လျက်ရှိကြသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး