ONE FRIDAY FIGHTS 147 တွင် မြန်မာဖိုက်တာကျော်စွာဝင်း ဝါရင့်မွေထိုင်းဖိုက်တာ ဆမင်ဒမ်ကို အမှတ်ဖြင့်ရှုံးနိမ့်
ရန်ကုန် မတ် ၂၁
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယမန်နေ့ညပိုင်းကကျင်းပသည့် ONE FRIDAY FIGHTS 147 တွင် မြန်မာဖိုက်တာကျော်စွာဝင်း ဝါရင့်မွေထိုင်းဖိုက်တာ ဆမင်ဒမ်ကို အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။
ဆမင်ဒမ်သည် ကျော်စွာဝင်းထက် ဝမ်းအတွေ့အကြုံပိုများပြီး မိုးထက်အောင်၊ ဆွန်ရတ်တိုကို အနိုင်ရရှိထားသူဖြစ်သည်။ ကျော်စွာဝင်းသည် ဝမ်းတွင် ဂျပန်ဖိုက်တာ မူဂါဆီတိုနဲ့တစ်ပွဲတည်းသာ ထိုးသတ် အနိုင်ရရှိထားသော်လည်း ရိုးရာလက်ဝှေ့ ပြိုင်ပွဲများတွင် ထိုင်းပြိုင်ဘက် ကစားသမားများကို အလဲလဲအကွဲကွဲ ထိုးသတ်အနိုင်ယူထားသူဖြစ်၍ ဆမင်ဒမ်နှင့်ပွဲသည်လည်း ပရိသတ်အကြိုက်တွေ့သည့် အကြိတ်အနယ်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။
ပထမအချီစကတည်းက ကျော်စွာဝင်းသည်ဖိုက်တာကစားပြီး ပြိုင်ဘက်ကိုဖိအား ပေးလိုက်ထိုးသည်။ ကောင်တာကစားသည့် ဆမင်ဒမ်က ယနေ့ပွဲတွင် ဆိုင်ထိုးရန်ကြိုးစားခဲ့သော်လည်း အခြေအနေမဟန်သည့်အတွက် ဆမင်ဒမ်ထုံးစံအတိုင်း ပါးပါးနပ်နပ်နှင့် ကောင်တာဖမ်းကစားခဲ့ရာ ကျော်စွာဝင်း မကြာခဏဆိုသလိုထိခဲ့သည်။
ဒုတိယအချီတွင် ကျော်စွာဝင်း ခြေကန်လိုက်တိုင်း ဆမင်ဒမ်ကဖမ်းဆွဲပြီး ကောင်တာကစားနိုင်ခဲ့သည်။ ဆမင်ဒမ်သည် ပြိုင်ဘက်ကို အတင်းပူးကပ်ပြီး ချုပ်ဒူးကွက်များသုံးကာ ပြန်အခွာတွင် ဒူးတိုက်ချက်များနှင့်အမှတ်ယူနိုင်ခဲ့သည်။ ယနေ့ပွဲတွင်ကျော်စွာဝင်း၏ တိုက်စစ်ကြောင့် ခတ်ခြေကောင်းသည့်ဆမင်ဒမ် ခြေထုတ်ချိန်သိပ်မရလိုက်ပေ။
တတိယအချီတွင် ကျော်စွာဝင်းအနာခံပြီး ပြိုင်ဘက်ကို တရစပ်လိုက်ထိုး၍ ဆမင်ဒမ်ပြန်မခုခံနိုင်ဘဲ မျက်နှာကိုကာပြီး ခေါင်းငုံ့ထားရသည်အထိ ဖြစ်ခဲ့သည်။ နောက်ဆုံးအချီတွင် ဆမင်ဒမ်ပွဲကိုထိန်းကာ ကြိုးဝိုင်းပတ်ရှောင်ပြေးနေ၍ ကျော်စွာဝင်း၏ စိန်ခေါ်ခဲ့ပုံသည် ပရိသတ်ရင်ထဲ အမှတ်ရစေသည့် ပုံရိပ်တစ်ခုဖြစ်ခဲ့သည်။ မြန်မာဖိုက်တာကျော်စွာဝင်းသည် ပွဲစကတည်းက နောက်ဆုံးအချီ နောက်ဆုံးစက္ကန့်အထိ ပြိုင်ဘက်ဆမင်ဒမ်ကို ဖိအားပေးထိုးသတ်နိုင်ခဲ့သော်လည်း ပွဲအပြီးတွင် အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ဝန်းရံခ
MWD
