အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် မြန်မာအသင်းအရေးနိမ့်
နေပြည်တော် ဧပြီ ၆
၂၀၂၆ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပထမနေ့ကို ဧပြီ ၆ ရက်က ထိုင်းနိုင်ငံ၌ စတင်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။
မြန်မာအသင်းသည် အုပ်စုပထမပွဲအဖြစ် နာမည်ကြီး ဗီယက်နမ်အသင်းနှင့်တွေ့ဆုံရာ လေးဂိုးပြတ် အရေးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် တစ်ဂိုးသာပေးခဲ့ရသော်လည်း ဒုတိယပိုင်းတွင် သုံးဂိုးထပ်ပေးရကာ ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ လူငယ်ကစားသမားများဖြင့် ပြန်လည်တည်ဆောက်နေသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာဆီယံထိပ်သီး အသင်းများနှင့် ယှဉ်ပြိုင်ရာတွင် လိုအပ်ချက်များရှိနေဆဲဖြစ်သည်။
ပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စု (B) ပွဲစဉ်များတွင် အင်ဒိုနီးရှားအသင်းက ဘရူနိုင်းအသင်းကို ခုနစ်ဂိုးပြတ်၊ သြစတြေးလျအသင်းက မလေးရှားအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အုပ်စုဒုတိယနေ့ကို ဧပြီ ၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် ဘရူနိုင်းအသင်းနှင့် သြစတြေးလျအသင်း၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် မလေးရှားအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ဗီယက်နမ်အသင်းနှင့် တီမောအသင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ကိုညီလေး
MDN
