အပြောင်းအလဲများစွာပြုလုပ်မည့် မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်း နည်းပြချုပ်သစ် စတင်ခေါ်ယူ

News Image

  • အပြောင်းအလဲများစွာပြုလုပ်မည့် မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်း နည်းပြချုပ်သစ် စတင်ခေါ်ယူ

ရန်ကုန်     ဧပြီ    ၆

မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းသည် လာမည့်ရာသီအတွက် အပြောင်းအလဲများစွာ ပြုလုပ်မည်ဖြစ်ပြီး နည်းပြချုပ်သစ် စတင်ခေါ်ယူခန့်အပ်ခဲ့သည်။

ရတနာပုံအသင်းသည် အသင်းပိုင်ရှင်သစ်ပြောင်းလဲထားပြီး ရာသီသစ်အတွက် ပထမဆုံးခေါ်ယူမှု အဖြစ် နည်းပြချုပ်သစ် စတင်ခေါ်ယူခြင်းဖြစ်သည်။ ရတနာပုံအသင်းသည် မြန်မာနေရှင်နယ်လိဂ်  အတွေ့အကြုံရှိသည့် ဦးမင်းထွန်းလင်းကို နည်းပြချုပ်အဖြစ် ခေါ်ယူခန့်အပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ကစားသမားသစ်များ ဆက်လက်ခေါ်ယူမည်ဖြစ်သည်။ ဦးမင်းထွန်းလင်းသည် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများဖြစ်သည့် ချင်းယူနိုက်တက်၊ ဇွဲကပင်ယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်၊   ရခိုင်ယူနိုက်တက်အသင်းတို့ကို ကိုင်တွယ်ခဲ့သူဖြစ်သည်။

ချန်ပီယံဆုရယူနိုင်ခဲ့

ရတနာပုံအသင်းသည် မြန်မာနေရှင်နယ် လိဂ်စတင်ကတည်းက တည်ထောင်ခဲ့သည့် အသင်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများတွင် အောင်မြင်မှုများ ရယူနိုင်ခဲ့သော်လည်း ၂၀၁၆ ရာသီ MNL ပြိုင်ပွဲတွင် ချန်ပီယံဆုရယူပြီးနောက်ပိုင်း အောင်မြင်မှုနှင့် ဝေးကွာနေခြင်းဖြစ်သည်။ ရတနာပုံ အသင်းသည် MNL အမှတ်ပေးချန်ပီယံဆု  လေးကြိမ်ရထားပြီး ပြည်ပအောင်မြင်မှုအဖြစ် AFC President's Cup  ပြိုင်ပွဲတွင် ၂၀၁၁ ခုနှစ်၌ ချန်ပီယံဆုရယူနိုင်ခဲ့သည်။    

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - YDNB FC

MDN