မန်စီးတီးအသင်းက နည်းပြဂွါဒီယိုလာထွက်ခွာခဲ့ပါက နည်းပြသစ်အဖြစ် မာရက်စ်ကာကို ခန့်အပ်ရန်ပြင်ဆင်
မန်ချက်စတာ မတ် ၂၂
မန်စီးတီးအသင်းက ယခုဘောလုံးရာသီအကုန် တွင် အသင်းမှထွက်ခွာရန် နီးစပ်နေသည့် နည်းပြ ဂွါဒီယိုလာ၏နေရာ၌ နည်းပြသစ်အဖြစ် ချယ်လ်ဆီးအသင်းနည်းပြဟောင်း မာရက်စ်ကာကို ခန့်အပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
အသက် ၅၅ နှစ်အရွယ် နည်းပြဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ်က စတင်တာဝန်ယူ ကိုင်တွယ်ခဲ့ပြီးနောက် အသင်းကို ဥရောပတွင် ထိပ်တန်းအသင်းတစ်သင်းအဖြစ် တည်ဆောက်ပေး နိုင်ခဲ့သည့်အပြင် ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ် ဖလား၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလား စသည့်ဆုဖလားများကို ဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်သည်။
မန်စီးတီးအသင်းက သက်တမ်းတိုးစာချုပ်ချုပ် ဆိုလိုသော်လည်း နည်းပြဂွါဒီယိုလာကိုယ်တိုင်က အသင်း မှထွက်ခွာလိုသည့်အတွက် သက်တမ်းတိုးစာချုပ် အတွက် ကမ်းလှမ်းမှုကို ငြင်းဆိုထားပြီး ရာသီအကုန် တွင် ထွက်ခွာရန်နီးစပ်နေခြင်းဖြစ်သည်။
နည်းပြမာရက်စ်ကာသည်လည်း မန်စီးတီးအသင်း၌ နည်းပြဂွါဒီယိုလာလက်အောက်တွင် လက်ထောက် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇွန်လက ချယ်လ်ဆီးအသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့ကာ အသင်းအနေဖြင့် ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုဖလားဆွတ်ခူးနိုင်သည်အထိ အောင်မြင်မှု များရရှိခဲ့သော်လည်း အသင်းပိုင်ရှင် တော့ဒ်ဘိုလီနှင့် ဆက်ဆံရေးမပြေလည်မှုများကြောင့် ယခုဘောလုံး ရာသီ ရာသီဝက်ကာလတွင် အသင်းနည်းပြရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေ သူဖြစ်ကြောင်း သိရသည်။
Ref;Top Skills Sports UK
MWD
